Tuesday, November 1, 2011

မေမေရဲ့ ၈ ကြိမ်မြောက်လိမ်ညာခြင်း

0 comments
ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်..       တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ ” …. ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ… ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်.. “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်.. “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး” မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ.. မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်… ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်… မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး.. မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ… ၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ...

From Forward Mail.

Wednesday, October 26, 2011

ဒီတစ်ယောက်သာ

0 comments
ဘယ်ရှေးဘ၀ ရေစက်ရယ်ကြောင့်
မြင်မြင်ချင်းလျင် ရင်တွင်လှုပ်ခတ်
သည်းအူပြတ်မျှ မြတ်နိုးချစ်မိ….

မြင်စကပင် နှလုံးသားတွင်
ကျောက်ထက်ထွင်းသို့  စွဲထင်ရစ်သည့်
ပုံရိပ်ရှင်အား တစ်ခဏပင်မျှ.
မေ့ဖျောက်မရ ရင်တွင်ငုံ၍
မခွဲမကွာ စောင့်ရှောက်ချင်မိ…။

နှလုံးသားအား နာကျင်စေအောင်
အခါခါပင် ငြိုငြင်ရက်သူ
ချစ်မိသူအား မြူတစ်မှုန်ပင်
ပြစ်မမြင်ရက် မေတ္တာကြိုးသာ
ထပ်ထပ်ရစ်လျက် ခွင့်လွတ်လျက်ပါ
သည်တစ်သက်တွင် သည်တစ်ယောက်သာ
နှလုံးသားရင်း ချစ်ခဲ့ မိ၍
မဆုံနိုင်လည်း အသည်းကြွေပြီး
အသက်ခန္စာ ကြွေပျက်သွားသည့်
ဆုံးတစ်နေ့ တိုင် ထပ်ထပ်တိုးလို့ 
ချစ်မြတ်နိုးမည် သည်တစ်ယောက်သာ…..။

Ah Wyne

Saturday, October 15, 2011

အချစ်ကျွန်တစ်ဦး၏ ရင်ကွဲသံ

0 comments
အချိန်တွေကြာရင် မေ့သွားမှာပါ တဲ့
ဒီအပြောတွေကြောင့်
ငါ့ ရင် တွေ စုတ် ခဲ့ ရ တယ်. . .


ဂရုမစိုက်ရင် အေးသွားမှာပါတဲ့
ဒီအ ပြော တွေ ကြောင့်
ငါ့ မျက် ရည် တွေ အစိုး ရ ခဲ့ တယ်. . .


မင်း နေ နိုင် ရင် ပြီး သွား မှာ ပါ တဲ့
ဒီ အ ပြော တွေ ကြောင့်
ငါ့ နှ လုံး သား အက် ရာ ထပ် ခဲ့ တယ်. . .

မင်း နဲ့ ငါ့. .ကြားမှာ တံ တိုင်း လည်း မ ရှိ ဘူး
မြစ် လည်း မ ရှိ ဘူး
ကန္တာရ လည်း ကာ ဆီး မ ထား ဘူး
မာ န တွေ စွန်း နေ တဲ့
စာ ရွက် ပါး လေး တစ် ရွက် ဘဲ
ခြား ထား တာ ပါ မင်း သာ စိတ် ရှိ ရင်
လက် ချောင်း လေး. . .တစ် ချက် ကွေး ရုံ နဲ့
ငါ့ နှ လုံး သား တမ်း တ မှု ကို မြင် နိုင် မှာ ပါ. .

နှစ် ချို့ နေ တဲ့ ရင် ဘတ် နက် နက် က. .အချစ်
သူ ရဲ ကောင်း ဆန် ချင် မှ ဆန် မယ်
ခမ်း နား ချင် မှ လည်း ခမ်း နား မယ်
ဒါ ပေ မယ့်. . .
မင်း နေဆိုနေ မင်း သေဆိုသေ
အမိန့်ကောင်းတဲ့ အချစ်တစ်မျှင်တော့. .ဖြစ်နေတုန်းဘဲ ။

14th October,2011. 7:15 am X Ray

Monday, August 8, 2011

 I Have A Dream ကျွန်တော့်အိပ်မက်မက်ထားတယ်

0 comments
''ကျွန်တော့်အိပ်မက်မက်ထားတယ်။'' ''ဘာအိပ်မက်လဲ။'' ''တစ်ချိန်မှာ တို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာကာ အာရှမှာ ထိပ်တန်းကိုရောက်ပြီး၊ ပြည်သူတွေအားလုံး ချမ်းချမ်းသာသာနဲ့ တန်းတူရည်တူ တူညီတဲ့ အခွင့်အရေး ရစေဖို့ပေါ့။'' လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဖြစ်သည်။ တိတိကျကျ ပြောရလျှင်တော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာပါ။ လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာက ၀ါရှင်တန်ဒီစီရှိ လင်ကွန်း အောက်မေ့ဖွယ် အဆောက်အအုံရဲ့ လှေကားမှာ ရပ်ပြီး လူမည်း ပရိသတ်ကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားလေးကို သတိရမိပါရဲ့။ I Have A Dream 'ကျွန်တော် အိပ်မက်မက်ထားတယ်'တဲ့။ ပရိသတ် နှစ်သိန်းကျော် တက်ရောက်နားထောင်တဲ့ တကယ့်မိန့်ခွန်းကို သူပြောသွားတာပါ (တကယ့်မိန့်ခွန်းလို့ သုံးရတာကတော့ ကြီးကျယ် မြင့်မြတ်တဲ့ မိန့်ခွန်းလို့ ပြောချင်တာပါ)ယနေ့အထိတော့ သူ့မိန့်ခွန်းဟာ အကောင်းဆုံးတွေထဲက တစ်ခုလို့ လူတွေ လက်ခံထားဆဲပါပဲ။ သူဘာတွေပြောလဲ။ ''လူမည်း အခွင့်အရေး၊ လူမည်းတွေ အလုပ်ရရှိရေး၊ ခွဲခြားဆက်ဆံမှု မရှိရေး အတွက် သူပြောတာပါ။ လူမည်းတွေ လွတ်မြောက်ဖို့ ငါးနှစ်တိုင်တိုင် တိုက်ခဲ့ကြတယ်။ လူတွေ အများကြီး သေကြတယ်။ ဒီလိုတိုက်ပွဲဝင်ပြီး လွတ်မြောက်လာတယ်လို့ ပြောတဲ့ လူမည်းတွေဟာ ယနေ့နှစ်တစ်ရာရှိပြီ ဘယ်မှာ လွတ်မြောက် ကြသေးလို့လဲ'' သူတို့ကို လူဖြူတွေက ခွဲခြား ဆက်ဆံတယ်။ ကျောင်းအတူ မနေရဘူး။ ဘတ်စကား အတူ မစီးရဘူး။ လူမည်းတွေက နေရာရထားလို့ လူဖြူ တက်လာရင် လူမည်းတွေက ဖယ်ပေးရတယ်။ အဲဒါက ဥပဒေ ဖြစ်တယ်။ မာတင်လူသားကင်းဂျူနီယာ က ဒီကိစ္စတွေကို စိတ်ဝင်တစား ထောက်ခံခဲ့တယ်။ အမေရိကန် တစ်နိုင်ငံအနှံ့ ချီတက်ဆန္ဒပြတယ်။ သူ့ အိပ်မက်မိန့်ခွန်းထဲမှာ ပါတယ်။ ''တစ်နေ့မှာ လူမည်းကလေးတွေဟာ လူဖြူကလေးတွေနဲ့ လက်တွဲပြီး ပျော်ရွှင်စွာ ကစားကြ၊ အတူ စားသောက်ကြမှာပါ။ ကျွန်တော် အိပ်မက်မက်ထားပါတယ်''တဲ့။ သူရဲ့ ဆန္ဒပြမှုတွေ နောက်ပိုင်းမှာ ဥပဒေနှစ်ခု ပြဋ္ဌာန်းခဲ့တယ်။ အဲဒါကတော့ နိုင်ငံသား အခွင့်အရေး ဥပဒေ(Civil Rights Act -1964)နဲ့ မဲပေးခွင့် အခွင့်အရေး(The Voting Rights Act-1965)တို့ပါပဲ။ သူက အိပ်မက်ဟာ မှန်တယ်လို့ ပြောရပါမယ်။ ဘယ်လောက်မှန်လဲ။ ယနေ့ လူမည်းနဲ့ လူဖြူ လက်တွဲနေပါပြီ။ ကွန်ဒိုရီဇာရိုက်ဇ်ဟာ အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သလို ကောလင်းပါဝယ်ဟာလည်း လူမည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့တယ်။ နောက် ဘားရက်အိုဘားမားဟာ လူမည်း သမ္မတ ဖြစ်နေပါပြီ။ တကယ်တော့ မာတင်လူသားကင်းဂျူနီယာဟာ သူရဲ့ ကြိုးပမ်းမှုကြောင့် နိုဘဲလ်ဆုကို ရခဲ့ပါသေးတယ်။ သူဟာ အငယ်ဆုံးသော နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိသူ ဖြစ်တယ်။ ဒီဆုတွေရသလို သူရဲ့ ကြိုးပမ်းမှုကရတဲ့ ရလဒ်တွေဟာ အများကြီးပါပဲ။ ဒါကို သူမမြင်လိုက်ရပါဘူး။ သူဟာ ၁၉၆၈ ခုနှစ် ဧပြီလ လေးရက်မှာ လုပ်ကြံခြင်း ခံလိုက်ရပါတယ်။သူရဲ့အုတ်ဂူမှာ ရေးထားတယ်။ Free At Last. Free At Last. Thanks God Almighty I Am Free At Last. ၂၀၁၀ တုန်းက ကျွန်တော် အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အက်တလန်တာကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ မာတင်လူသာကင်းဂျူနီယာရဲ့ နေအိမ်နဲ့ ပြတိုက်ကိုလည်း ရောက်သွားခဲ့တယ်။ ခမ်းနားကြီးကျယ်တဲ့ ပြတိုက်ပါ။ နွေရာသီဖြစ်လို့ ပြတိုက်ရှေ့မှာ ဒေသ အတော်များများက ကျောင်းသားတွေရဲ့ ပန်းအလှပြပွဲကို ကျင်းပနေတဲ့ အချိန်လည်း ဖြစ်တယ်။ ကျွန်တော်က ပြတိုက်မှာ တစ်နေကုန်ထိုင်ပြီး သူ့အကြောင်းတွေကို ပြောပြတဲ့ ကွန်ပျူတာတွေဆီက အသံတွေကို နားထောင်တယ်။ သူရဲ့ မိန့်ခွန်းတွေကို နားထောင်တယ်။ နေ့ခင်းမှာတော့ အပြင်ဘက်မှာထိုင်ပြီး ကျွန်တော်က ပါလာတဲ့ နေလယ်စာကို ဘူးကနေ ဖွင့်စားတယ်။ ကျွန်တော့်အနီးမှာ လူမည်း အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမကလည်း နေ့လယ်စာဘူးကို ဖွင့်စားတယ်။ အဲဒီမိန်းကလေးက တစ်ရှူးမပါခဲ့လို ကျွန်တော့်မှာ အပိုပါလို့ ပေးလိုက်ပါတယ်။ကျေးဇူးတင်ကြောင်း သူမက ပြောရင်းနဲ့ စကား ပြောဖြစ်သွားတယ်။ ''ဘယ်ကလာလဲ''လို့ သူမကိုမေးတော့ မြောက်ပိုင်းကတဲ့။ မြောက်ပိုင်းမှာ လူမည်းတွေ သိပ်မရှိဘူး။ လူမည်းတွေကို ကျွန်အဖြစ် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာပဲ အသုံးပြုတာများတယ်။ အရင်ခေတ်က ၀ါခင်းတွေ အတွက် လူမည်းကျွန်တွေကို သုံးတာပါ။ စိုက်ပျိုးရေးကို တောင်ပိုင်းမှာ အဓိက လုပ်ခဲ့တယ်။ ''ဘာကြောင့် အက်တလန်တာကိုလာလဲ''ဆိုတော့ သူမက ''ဒီနေရာမှာ သူသဘောကျတာသုံးခု ရှိသတဲ့။ နံပါတ်တစ်က မာတင်လူသားကင်း ဂျူနီယာတဲ့။ နံပါတ်နှစ်က စီအင်အင်တဲ့။ စီအင်အင်ဆိုတာ Cable News Network ဖြစ်ပြီး ကမ္ဘာမှာ အကြီးကျယ်ဆုံးလိုလို ဖြစ်နေတဲ့ ရုပ်သံကော်ပိုရေးရှင်း ဖြစ်တယ်။ တတိယကတော့ မာဂရက်မစ်ရှဲလ်တဲ့။ မာဂရက်မစ်ရှဲလ်ဆိုတာက Gone With the Wind ဆိုတဲ့ ၀တ္ထုကို ရေးခဲ့သူပါ။ ရုပ်ရှင်ရော စာအုပ်ရော ဆုရတယ်။ စာအုပ်က ပူလစ်ဇာဆု ရတယ်။ ရုပ်ရှင်ကတော့ အော်စကာ ငါးဆုရတယ်။ Gone With the Wind စာအုပ်ဟာ ယနေ့တိုင် နှစ်စဉ် သိန်းချီ ပြန်ရိုက်ရတဲ့ စာအုပ်ပါ။ ခုစာအုပ်ထွက်တာ ၇၅ နှစ် ရှိသွားပါပြီ။ ခုထိ အုပ် ၃၅ သန်းကျော် ရောင်းပြီးပါပြီ။ မာဂရက်မစ်ရှဲလ်ဟာ ဒီစာအုပ်တစ်အုပ်ကိုသာ ရေးခဲ့ပါတယ်။ သူမ ကွယ်လွန်ပြီးတဲ့အခါ နောက်ဝတ္ထုရှည်တစ်အုပ် လက်ရေးမူကို တွေ့တယ်လို့''ဆိုတယ်။ ကျွန်တော်က သူမကို ''မာတင်လူသားကင်းဂျူနီယာကို ဘယ်လို မြင်လဲ''လို့ မေးတော့ သူမက ''တို့တတွေရဲ့ ဟီးရိုးပါ။ ကျွန်မက ရိုဆာပတ်ကိုလည်း အထင်ကြီးတယ်''လို့ ပြောတယ်။ ပြီးတော့မှ သူမက ''ရိုဆာပတ်ကိုသိလား''လို့ မေးတော့ ကျွန်တော်က ခေါင်းညိတ်ပြပြီး ''ရိုဆာပတ်ဟာ ဘတ်စကားမှာ လူဖြူလူမည်း ခွဲခြားမှု အတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူပဲ မဟုတ်လား''လို့ ပြောတော့ သူမက သဘောကျသွားတယ်။ ဒီကိုလာတဲ့ လူတွေ အားလုံးတော့ ဒီလောက်သိမှာပဲလို့ သူမက ယူဆထားဟန်လည်း တူတယ်။ ''မင်းတို့ သူတို့လိုလူမျိုး ရတာကံကောင်းတယ်''လို့ ပြောတော့ ''ကံကောင်းတာပေါ့။ နှစ်ပေါင်း တစ်ရာကျော်လောက် အတွင်း တစ်ယောက်တစ်လေသာ ပေါ်ခဲ့တာ။ သူတို့သာ မရှိရင် တို့တစ်တွေ လူ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေဦးမှာ''လို့ ပြောတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသလိုမျိုးပေါ့။ ''ခုတော့ အဆင်ပြေသွားတာပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ဘားရက်အိုဗာမား တက်လာတော့ တို့တစ်တွေဟာ မာတင်လူသားကင်း အိပ်မက်အတိုင်း ဖြစ်လာတယ်လို့ ပြောနိုင်တာပေါ့'' ဒီတော့မှ ကျွန်တော်လည်း စဉ်းစားမိတယ်၊ တို့ဆီမှာကော။ ''တို့ဆီမှာလည်း ဒီနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မယ်''လို့ သူမကို ပြောလိုက်မိတယ်။ ''မင်းတို့ဆီမှာက လေးနှစ်တစ်ခါလား ငါးနှစ်တစ်ခါလား'' ''မလုပ်တာ နှစ် ၂၀ ကျော်ပြီ'' ''ဟယ်၊ မလုပ်လို့ကောရလား'' ''တို့တစ်တွေက မင်းတို့နဲ့ မတူဘူး။ ဒါပေမဲ့ တူတာတွေ အများကြီးပေါ့လေ။ တို့နိုင်ငံက Myanmar အရင်က Burma ပေါ့'' ''ပြောပြပါလား'' ''လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်လောက်က တို့တစ်တွေလည်း နွံနစ်လို့ ကျွန်ဖြစ်ခဲ့ရတယ်။ ဗြိတိသျှတွေရဲ့ကျွန်ပေါ့။(British Subject)'' သူမ ခေါင်းညိတ်တယ်။ ကျွန်ဘ၀ကလာတဲ့ အမေရိကန်လူမည်းတွေ ကိုယ်ချင်းစာတတ်ကြမှာပါ။ ''သူတို့က တို့ကို အနိုင်ကျင့်ပြီး ကိုလိုနီ ပြုခဲ့တာပါပဲ။ နောက်တော့ မြန်မာတို့တစ်တွေ ကြိုးပမ်းမှုများနဲ့ လွတ်လပ်ရေး ရခဲ့တယ်'' ''ဘယ်လောက်ကြာပြီလဲ'' ''၆၃ နှစ် ပေါ့'' ''တို့လူမည်းတွေ လွတ်လပ်ရေး ရတာနဲ့တော့ သိပ်မကွာပါဘူး'' ''အမေရိကန် လွတ်လပ်ရေးရတာ နှစ် ၂၀၀ လောက်ရှိပြီ မဟုတ်လား'' ''ဟုတ်တယ်လေ။ ဒါပေမဲ့ မာတင်လူသားကင်းဂျူနီယာတို့ နောက်ပိုင်း ၁၉၆၅ ခုနှစ်မှာ မဲပေးခွင့်ဥပဒေ ထွက်လာတာပဲ'' ''ဟုတ်တယ်လေ'' ''အဲဒီအခါကျရင် ရှင်ဘာလုပ်မလဲ'' ''တစ်ခုခုပေါ့၊ မာတင်လူသားကင်းစကားပဲ အငှား သုံးရမယ်'' ''ဘာစကားလဲ'' ''I have a dream'' ''ဘာအိပ်မက်လဲ'' ''တစ်ချိန်မှာ တို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာကာ အာရှမှာ ထိပ်တန်းကို ရောက်ပြီး၊ ပြည်သူတွေအားလုံး ချမ်းချမ်းသာသာနဲ့ တန်းတူရည်တူ တူညီတဲ့ အခွင့်အရေး ရစေဖို့ပေါ့'' ''မင်းအိပ်မက် အကောင်အထည် ပေါ်ပါစေ'' ''ပေးတဲ့ဆုနဲ့ပြည့်ပါစေ'' Written by ဒေါက်တာခင်မောင်ညို

Friday, August 5, 2011

အနိုင်ယူသူတိုအရှုံး

2 comments
လွှမ်းလှ ၍
နွမ်းလျှ လျှ..သာ ကျန် ပါ တော့ သည်..။

ချစ် ခြင်းဖြင့်သာ
တည် စေရာ ကြောင်း
ဆု တောင်း တို့ လည်း
ကွဲ ကြေ လွင့် ထွက်
ခြေ ဖျက် ခဲ့ ခြင်း

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

တလျှပ် လျှပ် ခုန်
တုန် ရီ သွေး ပွက်
ပျက် ပျက် ယွင်း ယွင်း
သေခြင်း နှင့် ရှုံး
ငါ့နှလုံး…

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော

ထို သော နေ့တွင်
ချစ် သူ.. မငိုပါ
ချစ် သူ .. မချို သာ…။ ။

Demon 13

စွန့်လွှတ်ခြင်းသက်သက်ပါ

0 comments
နှစ်ကိုယ်တူ…ကြည်ဖြူစွာ
ချစ်ခဲ့ကြတုန်းတော့
မိုးမမြင်လေမမြင်ပေါ့…..
ကြားလေသွေးလို့တောင် မယိမ်းခဲ့တဲ့ တို့ဘ၀တွေ
ချစ်သူနှစ်ဦးတွေ့မိချိန်တိုင်း ပျော်ရွှင်မဆုံးပေါ့….
မှုန်ရီမှိုင်းနေတဲ့ တိမ်ဆိုင်တွေတောင်
တို့နှစ်ဦးရဲ့ ပျော်မြူးခြင်းထဲ
လိုက်ပါစီးဆီးရင်းနဲ့…
တောက်ပတဲ့ အလင်းရောင်တချို့ကိုတောင်
အချစ်လက်ဆောင်အဖြစ်ပေးခဲ့သေးတယ်..
သဘောထားဆိုတဲ့ အတိမ်အနက်ကို
လုံလုံလောက်လောက်နားမလည်နိုင်ခဲ့လို့လား
ဂုဏ်ဒြပ်တွေရဲ့ ခိုင်းနှိုင်းခြင်းကြောင့်လား
တို့နှစ်ဦးရဲ့ အချစ်…လွင့်ပျောက်ဖို့ ပြုလာတယ်..
ငါလေ…အရာရာကို အကောင်းတိုင်းမြင်ခဲ့လို့
ငြူစူခြင်းတောင် မပြုခဲ့ပါဘူး….
ပြင်မရတဲ့အမှားတစ်ခုကို….သေသေချာချာ မင်း မစဉ်းစားခဲ့လို့လား
ငါ့ရဲ့ ချို့ယွင်းချက်ကြောင့်လား….
ဝေဖန်သုံးသပ်ဖို့တောင် အချိန်လေး မပေးခဲ့တဲ့
ဒီ ခဏတာအတွင်းမှာပဲ..
ငါ့ရဲ့ အချစ်တွေ..မင်းရဲ့
ပကာသန မက်မောမှုထဲ မလိုက်ပါနိုင်ခဲ့လို့လား..
မင်းငါ့ကို လှလှပပလေး..စွန့်ခွာခဲ့တယ်နော်..
ငါ မသိလိုက်ပါဘူး…
မင်းစိတ်ထဲစွဲနေမှာပေါ့……
ငါ နုံအ ခဲ့တယ်…
မင်းစိတ်ထဲစွဲနေမှာပေါ့..
ငါ စွံအ နေခဲ့တယ်..
မင်းစိတ်ထဲ စွဲနေမှာပေါ့..
တကယ်တော့….ငါဟာလေ..
ကြီးမြတ်တဲ့အချစ်ကို ကိုးကွယ်မိသူတစ်ယောက်ပါ
ပုံအပ်ပြီးချစ်ခဲ့ပေမဲ့…
ငါ ပြန်ရလိုက်တာက
မင်းရဲ့ ပကာသန ခွဲခြားမှုအောက်မှာ
ကျရှုံးခဲ့ရလို့……
မင်းအတွက်..ငါ့ အချစ်ကို
ငါစတေးခဲ့ရတာပါကွာ…
တကယ်တော့…..
မင်း စိတ်ပြောင်းလို့..
ငါ့ရင်ခွင်ကို ခုံလှုံမယ်ဆိုရင်လေ..
ငါ ……
လောကကြီးကို ..အော်ဟစ်ပြီးပြောလိုက်ချင်ပါတယ်.
ဘယ်သူတွေဘာပြောပြော..
ကျွန်တော့်ချစ်သူကို
ကျွန်တော် စွန့်လွှတ်ခြင်းနဲ့….စွဲမြဲစွာ
ချစ်ခဲ့တယ်လို့ အော်ဟစ်မိမှာပဲ……

ဂျူး

Thursday, August 4, 2011

ရူးသွပ်ခြင်း အပိုင်းအစများ

1 comments
လမ်းဆုံးဆိုတာမရှိခဲ့ပါဘူး….
လျှောက်ရတာကြာလွန်းလို့
ငါရွေးခဲ့တာဘာလမ်းမှန်းတောင်
မသိတော့ဘူး…

ကြယ်တွေလည်း တဖြုတ်ဖြုတ်ကြွေဆဲ…
လမ်းပေါ်မှာ ကြိုးမဲ့ဂစ်တာလေးကတော့
ငါ့ကို အဖော်ပြုပါရစေတဲ့…

လှောင်ရယ်သံတစ်ချို့ ပေါ်ထွက်လာကြ…
ကြိုးမရှိရုံနဲ့ မတီးရတော့ဘူးလားလို့
သူကမေးတယ်…

နောက်ဆုံးတော့လည်း……
တိတ်ဆိတ်တဲ့ သံစဉ်တစ်ချို့
ငါတို့ရင်ထဲကို ဖြတ်….
အဆုံးမဲ့စီးဆင်းသွားကြ…..
လွမ်းတယ်ဆိုတာလည်း
ပြောရတော့အခက်သား…
နင်မရှိတဲ့ဘ၀မှာပဲ
ခေါက်ရိုးကျိုးနေတော့
လွမ်းနေရတာလေးကိုပဲ
လွမ်းမိသလိုလို….

ကြေကွဲဖို့ ငိုကြွေးနေတာနဲ့
ဆာလောင်လို့ ငိုကြွေးတာ…
ဘယ်ဟာပိုကောင်းသလဲ…
တစ်ခါတစ်လေတော့လည်း
ရူးနှမ်းစွာ စဉ်းစားမိပြန်ရဲ့…

ဆောင်းမီးဖိုအောက်မှာ
ကော်ဖီတစ်ခွက်နဲ့
ကြင်နာသူကို ထွေးပွေ့ထားချင်တယ်လို့
စိတ်ကူးလည်း ယဉ်ခဲ့ဖူးတယ်…

ဆည်းဆာချိန်ကတော့ လှပဆဲပဲ…
ညဥ့်ငှက်တွေကို နှုတ်ဆက်ရင်း
ရောင်နီတွေကိုဖွင့်ပြနေလေရဲ့…
ဒီလိုအချိန်မျိုးပဲပေါ့လေ…
တိမ်တောက်တဲ့အချိန် လန့်ပြီးငိုတတ်တဲ့
ကောင်မလေးတစ်ယောက်ဆီ
ငါ့အတွေးတွေမျောပါလို့သွားကြ…

ဆုံတွေ့ခြင်းဆိုတာ ခွဲခွာဖို့အတွက်ပါပဲ…
ဘယ်တော့မှ မခွဲခွာသလို
ဘယ်တော့မှ မတွေ့ဆုံနိုင်တဲ့
အကြွေစေ့ခါင်းနဲ့ ပန်းလိုမျိုးတော့
ငါမဖြစ်ချင်ဘူး…..

ကံကြမ္မာမျက်လှည့်ဆရာကတော့
အကောင်းဆုံးလှည့်စားမှုတွေဖန်တီးဆဲပဲ…
သူဖန်တီးစေညွှန်တဲ့လမ်းပေါ်မှာ
ငါကလည်းလျှောက်လို့ကောင်းဆဲ…
ဘယ်တော့မှမရှိတဲ့ အဆုံးသတ်ဆိုတာလေးကို
မျှော်လင့်ရင်းနဲ့ပေါ့…..

လေလွင့်ငှက်

ခေါင်းစဉ်မရှိပါ

0 comments
ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....

ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။

တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။

ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။

ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။

နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။

သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။

မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။

အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။

ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။


နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။

ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။

ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။

အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

မောင်ရင်ငဇေ
( From my forward mail)

Saturday, July 30, 2011

မပြောလိုက်ချင်ဘူး

2 comments
အတိတ်လားတဲ့
သူပြောလိုက်တယ် မေ့သွားမှာပါတဲ့
အချစ်ဦးလားတဲ့
သူပြောလိုက်တယ်
အသစ်တွေရင် မေ့သွားမှာပါတဲ့
ဒဏ်ရာတွေလားတဲ့
သူပြောလိုက်တယ် မပေးခဲ့ပါဘူးတဲ့
ချန်ထားခဲ့တယ် တစ်ယောက်တည်းနဲ့
အသစ်တွေလို့ အဟောင်းမေ့
နင်လိုမိန်းမ မေ့လိုက်ရင်ကောင်းမယ်

11:27 pm
07/30/2011

Image and video hosting by TinyPic

Wednesday, July 13, 2011

ခရမ်းရင့်ရောင် ဒိုင်မင်းရှင်း

0 comments
ချစ်သူရယ်
ငါဟာကိုယ့်ရှင်သန်မှုအတွက်
လေကို ကိုယ်တိုင်အသက်အောင့်ပစ်လိုက်တဲ့
နေ့ခင်းကြယ်တမှုန်ဆိုတာ
မင်းသိဖို့ကောင်းပါရဲ့။

ဘဝမုန်တိုင်းဆိုတာတွေလေ
မင်းတမ်းတမ်းတတ ရွတ်ဆိုပြတဲ့
ကဗျာလေးတပုဒ်နှစ်ပုဒ်ကို ဆုတ်ဖြဲလွှင့်ပစ်ရတာလောက်
ဘယ်ခက်ထန်ပါ့မလဲ။

မြစ်တစင်းကို မင်းအတွက်
ငါပိုင်ခွင့်ရချင်တယ်
ဘယ်သူမှတော့ ချက်ချင်းလက်ငင်း
ခမ်းနားတဲ့ချစ်သူ မဖြစ်နိုင်ဘူးပေါ့။

ငါဟာ မျဉ်းကြောင်းတွေနဲ့
ဝေးနိုင်သမျှ ဝေးဝေးမှာ
နေချင်သူမှန်း ချစ်သူသိပါရဲ့။

စိတ်မှာ နှာစေးချောင်းဆိုးဖြစ်နေတဲ့ငါ
(ရက်လွန်ဆေးပြားတွေသာ မြိုချ)
ရင်ခွင်တံခါးချပ်တွေ ရိုက်ချိုးထားခဲ့ရပြီးသား

မောင်ချောနွယ်ဲရဲ့
ချစ်သူစစ်စစ် ရန်သူစစ်စစ် ငါမသိဘူး။

နှုတ်ခမ်းတွေ အများကြီးကို
မင်းနမ်းကြည့်ပြီးတဲ့အခါ
ဘယ်သူ့အတွက်
ချစ်သူစစ်စစ်ဖြစ်ရဲသလဲ။

မင်းကိုယ်တိုင်ပဲ
တွေးရစ်ခဲ့ပါတော့……….။

စောမာန် (မန္တလေး)

တစ်ခါဆို ဆိုသလောက်ဘဲ

0 comments


တစ်ခေါက်ဆို တစ်ခေါက်ပါတဲ့
ချစ်မိတာ ပထမ ဆုံးပါတဲ့……
ပထမ မှာတင် ကွဲရတာမို.
ကြောက်သွားပါပြီ မိန်းမတွေတဲ့
လှည်. မကြည်.ရဲဘူး

တွေ.ဖူးပါတယ် တွေ.ဖူးပါတယ်
သိပ်ချစ်ပါတယ်တဲ့…..
ယုံမိတာ ငါဦးနှောက်……
အသဲနဲ.ရေးမိတဲ့ ကဗျာတွေ
ဖတ်ကြည်.ပြီး….တစ်ဟားဟားတဲ့
ခံစားရတယ်တဲ့ ဟာသရသတဲ့
ဒီကောင်ရေးတာ အသဲမျက်ရည်နဲ.

လွမ်းမိပါတယ် လွမ်းမိပါတယ်
မတွေ.ပြန်တော့လဲ လွမ်းမိတယ်..
လွမ်းမိကြောင်းပြောမိတယ်
ရတဲ့အဖြေအားရစရာဘဲ...
အဲစကားလုံး သူအဘိဓါန်မရှိဘူး
တဲ့…

Nyan Lin Htet

Monday, June 6, 2011

အဆုံးရှုံးခံ နှလုံးသား ရဲ့ငိုသံ

0 comments
ငါ့နှလုံးသားထက်က
အချစ်ဆိုသော စာမျက်နှာ
ငါချစ်တဲ့ နင့်ကြောင့်သာ
အသက်ဝင်တယ်…..
ငါမရင်းနှီးသေးသော
ငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာ
နင်စိတ်တိုင်းကျ
ဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါ
နင်ထားရာနေ စေရာသွား
နင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..

နင်ပျော်မယ်ထင်ရင်
ငါ့ရင်ကို စုံကန်လို့
ငါ့နှလုံးသားကို
နင်းချေ ထွက်သွားလိုက်ပါ
နင့်ကိုမုန်းဖို့မတတ်နိုင်မှတော့
နင်မယုံကြည်နိုင်တဲ့
ငါ့အချစ်တွေကိုသာ
အပြစ်ပုံချလို့
ကြေမွနေတဲ့ ငါ့နှလုံးသားကို
မြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……

နင့်ဘ၀အတွက်
လမင်းတစ်စင်းအဖြစ်
လင်းလက်ခွင့်မရရင်တောင်
နင့်ဘ၀မှောင်မိုက်ချိန်မှာ
အလင်းပေးနိုင်တဲ့
ကြယ်တစ်စင်းဖြစ်ပါရစေ…

“အလျှော့ပေးလို့
ရောင့်တတ်တယ်”လို့တော့
မထင်လိုက်ပါနဲ့ ချစ်သူ
ဖြစ်နိုင်ရင်
အလင်းပေးရုံမက
နင်လမ်းပျောက်ခဲ့ရင်
လမ်းပြခွင့်ရတဲ့
ဓူဝံကြယ်လေး ဖြစ်ပါရစေ…

နင့်ဘ၀အတွက်ငါ
မလိုအပ်တော့၇င်တောင်မှ
နင့်ဆုတောင်းတွေပြည့်နိုင်ဖို့
ငါ့ကိုငါ
ကြွေစင်းပေးပါ့မယ် ချစ်သူ….

အရာရာ နင့်အလိုကျ
ဖြစ်စေခဲ့တဲ့ ငါ
နင်ပြောသမျှ
ခေါင်းညိတ်နေတတ်ခဲ့ပြီ….
စိတ်တိုင်းကျ
အနိုင်ယူလှည့်ပါ ချစ်သူ
ငါမင်းအတွက်
အမြဲတမ်း အရှုံးပေထားလို့ပါ…

“ကိန္ဒရာမောင်နှံ
တစ်ညတာ ကွေကွင်းရတာကို
တစ်ဘ၀လုံး
လွှမ်းဆွေးငိုကြွေးတယ်”တဲ့
မင်းမချစ်နိုင်တဲ့
ငါ့နှလုံးသားအတွက်
ဒီတစ်ဘ၀လုံးမကပါဘူး
နောင်ဘ၀ဆိုတာသာရှိခဲ့ရင်
သံသရာ အဆက်ဆက်
(ငါ)ငိုကြွေးပါရစေ…..

တမြေ့မြေ့
ညှဉ်းမသတ်ပါနဲ့ ချစ်သူ
ငါ့နှလုံးသားထက်က
ဒဏ်ရာဟောင်းတောင်
အနာမကျက်သေးလို့ပါ…

နင့်ကြောင့်သာ အချစ်ကို
ကိုးကွယ်တတ်ခဲ့သူပါ
ချစ်တတ်အောင်သင်ပေးခဲ့ပြီးမှ
မုန်းတတ် နာကျဉ်းတတ်အောင်
သင်ပေးခဲ့ပါဦး ချစ်သူ…

ဖြစ်နိုင်ရင်
ချစ်တတ်တဲ့နှလုံးသားကို
မီးရှို့ပြာချလို့
အချစ်မဲ့ ၀န်းကျင်သစ်မှာ
ရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…

နင်မရှိတဲ့ ငါရဲ့ညတိုင်းကို
အလွှမ်းတွေကသာ
စိုးမိုး ခြယ်လှယ်တယ်…
ဒါပေမဲ့ ချစ်သူ
အရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့
အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကို
နာကျင်တယ်လို့
မညည်းညူချင်တော့ပါဘူး.။….။

လင်းဆက်

Saturday, May 21, 2011

မင်း…. မေ့ဖို့ပဲ လိုတာပါ

0 comments
ဘယ်တော့မှ မေ့မရတော့မယ့်ငါက
သိပ်ချစ်တယ်…. ဆိုတဲ့စကားတစ်ခွန်းနဲ့
နင့်ရင်ကို အတင်းတွန်းဖွင့် မ၀င်ခဲ့ဘူးနော်…..

ငါ ကြိတ်မှိတ်ငိုနေခဲ့တာ
မြိုသိပ်ခြင်းရဲ့ ဝေဒနာတွေပေါ့..
မင်း လက်ပြနေတာသိတယ်..
လာချင်လာ..သွားချင်သွား
ငါမှ…တားခွင့်မရှိခဲ့ဘဲ….

စွန့်လွှတ်ရမတဲ့လား…
ဖြေပါဦးကွာ…
ဟိုး….အတိတ်ကနေခုထိ
ဘယ်တုန်းကများ ငါပိုင်ဆိုင်ခွင့်ရှိခဲ့လို့လဲ..

ပြောတတ်လိုက်တာ..မေ့လိုက်ပါတဲ့
တိုက်ဆိုင်မှုရှိတဲ့ အချိန်တိုင်းမှာ
ငါ လွမ်းခွင့်တော့ ရှိပါသေးတယ်…

မုန်းလိုက်တဲ့လား…
သွားစမ်းပါကွာ….
ငါအနစ်နာခံခဲ့သမျှ ပြန်နာကျည်းရရင်
မင်းရင် ဆယ်ခါပြန်ကွဲလည်း မလောက်ဘူး…

ငါတစ်ယောက်ထဲ ချစ်နေပါရစေ…
ငါတစ်ယောက်ထဲ လွမ်းနေပါရစေ…
ငါတစ်ယောက်ထဲ ငိုနေပါရစေ…
နှစ်သိမ့်ဖို့လည်း မလိုဘူး…
သနားဖို့လည်း မလိုဘူး…
အားပေးဖို့လည်း မလိုဘူး..

အနည်းဆုံးတော့ ဒီဘ၀မှာ
ငါ့နှလုံးသားကို ငါပိုင်သေးတယ်..

မင်းလိုချင်တဲ့ အရာရာအတွက်
မင်းနှလုံးသားကို မင်းပေးဆပ်
မွန်းကျပ်တဲ့ ရင်ခွင်တစ်ခုမှာ
မင်းငြီးငွေ့လို့ နေမပျော်တဲ့အခါ
မင်းစွန့်ပစ်ခဲ့တဲ့ ငါ…ဆိုတာကို
မင်းမမေ့နိုင်မှာပဲ ငါစိုးတာပါ….
တကယ်တော့….
မင်းမေ့ဖို့ပဲ လိုတာပါ….အချစ်ရယ်..

နှိုင်းခ
May 21, 2011

Wednesday, April 27, 2011

ငါတစ်ယောက်တည်း နေပါရစေဟာ

0 comments
ပြန်လာခဲ့မှာပါ တဲ့
မျက်ဝန်းက အသက်မဲ့
ပင့်ရှိုက်သံသဲ့သဲ့နဲ့ ထွက်လာတဲ့စကား
ဟင့်အင်း……
ငါ ဆက်မယုံရဲတော့ဘူး……။

ကြေကွဲနေတာ ငါကိုယ်တိုင်
နင့်သောကတွေလေ
မနက်က အစ ည အဆုံး
ငါ့ကို နှိပ်စက်လိုက်ကြတာဟာ
နှလုံးသား အက်ကွဲတိုင်းသာ
သွေးထွက်မယ်ဆိုရင်
ငါ့ပတ်ဝန်းကျင်လည်း အနီရောင်တွေ လွှမ်းနေရောပေါ့……။

ကျန်ရစ်လက်စနဲ့….နေခဲ့ပါရစေတော့
မပြီးပြတ်သေးတဲ့
သံယောဇဉ်တွေအတွက်
မျက်ရည်တွေထက်ပို
နင်ဘာများ အလိုရှိသေးလဲ….တစ်ချိန်က ငါ့ချစ်သူရယ်……။

ငါ ချစ်ပါတယ်
ဘယ်သူနဲ့မှ မတူ
ဘယ်အရာ နဲ့မှလည်း မလဲ
ခုထိ ဘယ်သူ့ကိုမှလည်း အစားမထိုးဘဲ ငါ နင့်ကို ချစ်တယ်….။
နောင်လည်း နင့်ကိုပဲ လွမ်းမယ်….။

ငါ့သစ္စာနဲ့ ငါ့ခံယူချက်
အရာရာ နင်နဲ့ဆိုင်ပါတယ်
(နင့်ကို ငါ့အနားနေခွင့်မပေးနိုင်တော့တာကလွဲရင်ပေါ့…..)
ရောက်လာဦးမယ့်…
ငါ့အနာဂတ်ဆိုတာကြီးထဲ…
နင်ပဲ ငါ့အချစ်ဆုံး…. ဖြစ်နေဦးမှာပါ…..။

ငါ အတ္တကြီးတာ မဟုတ်ပါဘူး
သစ္စာမဲ့တဲ့ လူရဲ့ ချစ်သူဘ၀နဲ့
အနေကြာလာတဲ့အခါ….
လှည့်စားခံရခြင်းနဲ့ ရင့်ပါးရင်း…….
နင့်ခံစားချက်ကိုနားလည်
ငါက နေတတ်သွားတာ ငါ့ချစ်သူရဲ့….။

ဒါ့ကြောင့်
နင်…..ပြန်မလာနဲ့တော့နော်
နင်မရှိတဲ့ ရင်ခွင်ထဲ
တခြားသူလည်း မဖြစ်တည်ဘူး….
နင့်ကိုပဲ စိတ်နာမှုနဲ့ ဆက်ချစ်ရင်း….
အရှုံးပေးရခြင်းရဲ့အဝေးမှာ
ငါတစ်ယောက်တည်း နေပါရစေဟာ………….။ ။

အလွမ်း
4း15 pm ( 24 Apr 2011)

ခြေရာ+မျှော်+ဝေဒနာ

0 comments
ပုစဉ်းရင်ကွဲ အော်နေတယ်
င့ါ ရင်ကွဲမှုက ဘယ်လိုသံစဉ်လဲ..။

လှိုင်းပုတ်လို့တောင်
ကမ်းခြေမရောက်တဲ့ ဘဝ
မင်းခုတ်မောင်းရာ
ဘူတာများ မဆိုက်ကပ်နိုင်ခဲ့တာမှား သလား
အချစ်ရယ်………..

အသီးသီးဖို့နေနေသာသာ
အပင် မပေါက်နိုင်တဲ့ ကောင်မှန်း
သိသိကြီးနဲ့ ဘာကြောင့် ငါ့ကို ပျိုးခဲ့သလဲ..။

အခုသိလိုက်ရတာက
ဝေဒနာဆိုတာ
အချစ်နဲ့ ပျော်ရွှင်မှုတို့နဲ့
အမျိုးမတော်ဘူးဆိုတာပဲ.။

ငါ့ နှလုံးသားကတော့
မင်းနောက်ထပ် နင်းမယ့်
ခြေရာလေးတွေကို မျှော်လို့…။

အငွေ့

Friday, April 22, 2011

ပန်းရိုင်းဟု ဆိုသော်လည်း

0 comments
အလွမ်းတွေ ခြေရာမထင်လို့
မမြင်ဘူးဆို ….
ဒီရင်က အကြွေပန်း
ပွင့်ကတည်းက ခပ်နွမ်းနွမ်းမို့
မင်း မနမ်းဝံ့ဘူး မဟုတ်လား

မျက်ဝန်းချင်း
ခလုတ်မိလိုက်တိုင်း
အခြေ မခိုင်
ယိုင်လဲ ခဲ့တာ
ငါ တစ်ဦးတည်း လား .

လက်ကလေး ဖြန့် တောင်းခံဖို့
အခွင့်အရေး ရှိတဲ့သူ .. ငါ မဟုတ်ဘူး … ။

တခါတရံ စိတ်ရှိတိုင်း
မင်းကို ငေးမောခွင့် ရချင်တယ်
မျက်တောင် ခတ်ဖို့ မေ့နေစမ်းပါစေ .. ။
ရင်တွေ တလှပ်လှပ် ခုန်သွားစမ်းပါစေ .. ။
အဲ့ဒီအချိန် ပတ်ဝန်းကျင်ဆိုတာ ငါမေ့နေချင်တယ် ။

ကြယ်တွေ ငိုတာ နင်မမြင်ဖူးတော့
ကြယ်ငိုတယ်ပြောရင် နင်ဘယ်ယုံနိုင်လိမ့်မလဲ …… ။
တိမ်ဖုံးတဲ့ ည လတင် မသာနိုင်တာ မဟုတ်ဝူး
ကြယ်လေးတွေလည်း ငိုပါတယ် ချစ်သူ .. ။

သော့ခတ်ထားတဲ့ မျက်ဝန်းတံခါးတွေ
ဖွင့်လှစ်ပေးလိုက်တိုင်း
စိတ်တွေရိုင်းစိုင်းသွားမှာ ငါစိုးတယ် ။
မင်းမျက်ဝန်းတွေ လင်းလက် မလာခဲ့ရင်
ငါ့ရင်ဟက်တက်ကွဲ သွားမှာလေ .. ။

မျှော်လင့်ချက်ကိုတော့ ငါမကိုးကွယ်ပါဘူး
နှုတ်မရတဲ့ ဆူးတစ်ချက် အတွက်
ငါတစ်သက် ပေးဆပ်ဖို့ ပြင်ဆင်ပြီးသား ။

ဘယ်အရာကိုမှ အံမတုဝံ့ဘူး
ငါမှ ဟန်မပြုနိုင်တာပဲ

ရင်ခုန်တိုင်း ရင်မောတယ်
ရင်မောလို့ စောခဲ့တဲ့ စိတ်
မင်း အတိတ်တွေ ကြောင့် လည်း
ငါအအိပ်ခက်တယ် ။

တိတ်တဆိတ်ဆိုတဲ့ နွံထဲ
ကျွံခဲ့ရသူပဲလေ

ညဆိုး တွေမှာ ခိုကိုး
ငါ့ရင် ကြာရှည်ရိုးနေနိုင်ပါ့မလားဘဲ
ချပြလို့ မရတဲ့ ဝေဒနာ မပူတခက်
ဒီတစ်သက် ပြယ်စေမယ့် ကြမ္မာ
ပုန်းကွယ်နေဆဲပဲလား ………..။

ရုန်းမထွက်ချင်တော့ ပါဘူး
အဆုံးသတ်တဲ့ ထိ
ငါပြုံးပြနေဦးမယ်
မျှော်လင့်ချက် နဲ့ အသက်ဆက် နေတဲ့
မနက်ဖန်တွေတိုင်း
ငါ ဟာ နင့်ဘေးက ပန်းရိုင်း တစ်ပွင့်ပေါ့

မင်းမြတ်နိုးနိုး
မမြတ်နိုးနိုး
မင်းအရိပ်မှာတော့ ငါခိုကိုး ခွင့်ရချင်သေးတယ် .. ချစ်သူ

လွမ်းလှိုင်း

12:30 am
(Friday)
16.1.10

အလွမ်းပျော်

0 comments
အလွမ်းနှင့်မျှော်၊ ပန်းပွင့်ပေါ်မှာ၊
လွင့်ရော်ဝေ့ဝဲ၊ ပျော်မွေ့ဆဲပေါ့၊
တွေ့မြဲတွေ့နေ၊ အိပ်မက်တွေတိုင်း၊
ဝေမှိုင်းညို့စွေ၊ လှိုင်းတို့ခြေရာ၊
ဖွေရှာမိမော၊ ရီဝေမျောရင်း၊
သောကဝတ်ရည်၊ ဖြစ်တည်သောက်သုံး၊
နောက်ဆုံးတော့လေ၊ ဖြေမပြေသမျှ၊
နေနေကျပြီ၊ နွေညတမ်းခြင်း၊
ပန်းတခင်းမှာ၊
လွမ်းရင်းလွမ်းကာ ပျော်တော့မည်။

ဟယ်ရီ

ခရမ်းပြာဝိုင် (၁၂)

0 comments
အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ …

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ …

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ …

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ….

သြော် … ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ …

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဟယ်ရီ

ပအို့ဝ်မိခင်၏ လက်စားချေခန်း

0 comments
ဖက်ဆစ်လူယုတ်၊ ခြေကုန်သုတ်၍
နောက်ဆုတ်ပြေးသောကာလတွင်။

သင်းကွဲတစ်စု၊ ဆာလောင်မှုနှင့်
တစ်ခုယာတဲ၊ ရရာဆွဲဖို့
သဲသဲရုတ်ရုတ် ၀င်ကြ၏။

အထီးကျန်ပင်၊ တဲရှင်ပအို့ဝ်မ
အိုရွတ်တွသည်၊ ရင်ဝထောက်ထား
လှံစွပ်များကြောင့်၊ ကြောက်အားပိုဘိ
တုန်ချည့်ချည့်နှင့်၊ ရှိသည့်ဟင်းလျာ
ဆန်ကိုရှာ၍ ချက်ရပြီ။

အလျှံရဲရဲ၊ မီးတောက်ထဲတွင်
ရစ်ဝဲပေါ်လာ၊ ရုပ်ပုံလွှာကား
မကြာမီက၊ ယုတ်စွဘီလူး
ဂျပန်ရူးကြောင့်၊ ညွှန့်ဖူးလည်းကြွေ
သက်လည်းသေသည့်
မွေးမေချစ်သော သမီးငယ်။

နှမအတွက်၊ ခုခံလျက်က
သွေးပွက်ပွက်ကျ၊ သေဆုံးရသည့်
ချစ်လှစွာသော သူ၏သား။

ညှဉ်းပမ်းလူသတ်၊ သူတို့တပ်မှ
အငတ်များတွက်၊ ထမင်းချက်ရ
ခံခက်လှပေ၊ ဒေါသထွေ၍
အမေတက်ခေါက်မိလေပြီ။

အသင့်ဖြစ်လျှင်၊ ထမင်းပြင်၍
ကျွေးလျှင်ကျွေးချင်း၊ အငတ်သင်းတို့
အတင်းလုယက်၊ စားမည့်ချက်တွင်
စိတ်စက်မသန့်၊ လိပ်ပြာလန့်၍
ဆိုင်းငံ့နေပြီး၊ အမေကြီးကို
မြည့်စမ်းပထမ၊ စားစေကြ၏
ပြီးမှသူတို့၊ သောက်မျိုဆို့၏။

မကြာပါချေ၊ ၀မ်းဝလေ၍
သည်နေရာမှ၊ ထွက်ခွာကြစဉ်
ရင်ဝနှင့်ဝမ်း၊ လောင်းမီးကျွမ်းသို့
ပရမ်းပတာ၊ ပူလောင်လာပြီး
မြေမှာလဲကျ၊ အော်ဟစ်ကြ၏
”မြိန်စွဟင်းလျာ၊ အဆိပ်ပါ” ဟု
သေခါနီးမှ သိတော့သည်။

ဖက်ဆစ်လူယုတ်၊ ဤတစ်သုတ်၏
မျိုးပြုတ်ပုံကို၊ အမေအိုသည်
နှစ်လိုရွှင်ပျ၊ ကြည့်ရင်းကလျှင်
လဲကျမြေထက်၊ အဆိပ်တက်၍
တစ်သက် ဆယ်သက် လဲခဲ့ပြီ။

အော်…အိုမင်းပန်းလျ၊ ပအို့ဝ်မလည်း
ရရာနည်းလမ်း၊ သူ့အစွမ်းဖြင့်
ဆိုးသွမ်းလူယုတ်၊ ဖက်ဆစ်စုတ်ကို
မျိုးဖြုတ်ခဲ့လေပြီတကား။

မောင်လင်းယုန်(ရှမ်းပြည်)

အရက်သမား (၁၀)

0 comments
မသေမရှင်ဖြစ်နေတဲ့
ဓာတ်မီးတိုင်ရဲ့ အလင်းကိုနင်းလို့
နံရိုး(၆)ချောင်းဆီက
သီချင်းကိုခွာယူ
မီးတောက်တစ်ခုလို ယိမ်းထိုး
ငါအိမ်အပြန်
အဝေးက
လရဲ့ မချိမဆန့်အော်သံကို ကြားရ
အရေးပေါ်
ဂက်စ်မီးခြစ် ရှာမတွေ့၊
လမ်းကြားထဲ
ကားမီးရောင်တွေ ကွေ့ဝင်သွားကြ
သစ်ပင်လား လူလား နာနာဘာဝလား။
ရေနံဆီမီးခွက်
ငါးရှာဖားရိုက်သူတွေရဲ့ မီးအိမ်
စုန်းကစားနေခြင်း
လမ်းဘေးတစ်ဖက်တစ်ချက်
တဖျပ်ဖျပ်လွင်ပြင်
သေသူရဲ့ မျက်လုံးတွေလား။
မျက်နှာကို ဖြတ်ရိုက်သွားပေါ့
အတောင်ပံတစ်ခု
ခွေးတစ်ကောင်တောင်
အခက်ခဲဆုံး ရင်ဆိုင်ရမယ့် အကာလ
အခုမှ၊
ငါ ရနံ့တစ်ခုကို သဲသဲမဲမဲ
သရဲမရဲ အနံ့ခံနေမိ
ငါ့မိသားစုရဲ့ အနံ့
ငါ့သမီးလေးရဲ့ အနံ့ကို
ငါ လှမ်းအဆွဲ
ငါ့နာမည်ဟာ လွတ်ကျသွားတယ်။
ငါဘယ်သူလဲ
အချိန်မတော်
ငါ အခုဖြတ်ကျော်နေတာ
လမ်းမတစ်ခုလား
သင်္ချိုင်းမြေတစ်ကွက်လား
ထိတ်လန့်ပြီး
ငါ့အသားငါဖြဲကြည့်
သွေးထဲမှာ သုညတွေ။ ။

(ရယ်စရာ – ဇွန်၊ ၂၀၀၈)

ခရမ်းပြာထက်လူ

Wednesday, April 20, 2011

မြစ်လယ်မှာ ချစ်လှယ်တုန်းက

0 comments
မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။
လမင်းကလှောင်- ကြယ်ပြောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုံး။ ။

လေအေးကခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးဂီမြစ်တရိုးမှာ
စိုးတဲ့အသံ။
လှပသည့်ကာရံ၊ ပန်းမာလ်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။ ။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ်မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။
တက်ရေးဆန်းကြယ်၊ ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။ ။

ကမ်းဆီကိုဝိုက်ကွေ့လို့
တရွေရွေ့စိုက်စိုက်လာ
တက်ပန်းကဖွာ။
ရွာဦးမှာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ယှက်တင်ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။ ။

ကြည်အေး

Friday, January 28, 2011

အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်ဖို့...

0 comments


August 31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။ နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့ မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့ စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။ အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။ နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက် အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ် ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊ ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။ ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့ လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊ ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊ လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင် ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့ မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။ ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့ ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့ လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။ မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။ ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့. နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။ ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး. ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ် မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်… ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်. အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ. အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ. ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ. အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်


အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.

သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွားတာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.

ဟုတ်တယ်. အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား. ခဏနေရင်ရှင်းသွားပါလိမ့်မယ်)

ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့ အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့ ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁) နဲပြည့်စုံအောင် ခင်ဗျားကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ် ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေးတဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင် အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို ဦးစားပေးဖတ်ပါတယ်ခင်ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့ မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေလည်းလှ ဆိုရင်တော့ ပြောစရာမရှိပေါ့ဗျာ…

အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေတတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင် ၀မ်းနည်းနေတတ်တယ်..

ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ. ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်. သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ်ပါတယ်. ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေနဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင် Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက် လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ မရေးနိုင်ဘဲ ဒီတိုင်းထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင် ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်. (မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါဘူး. ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်. ခင်မင်ရင်းနှီးကြပါတယ်.)

ကဲဗျာ. လာလည်ကြပြီနော်. ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉ ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression ပေးသွားပါလိမ့်မယ်. သူကဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့ ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက်မယ်၊ အားပေးမယ်. ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့ ခံစားချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့ သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.

ဒီတော့ ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်. ဘာရေးမလဲ. ပို့စ်ကောင်းတယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာလား၊ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို ပို့စ်ကောင်းတယ် ခေါ်တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက် ချပြထားပြီး ကိုယ်ဘယ်လောက်တတ်ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို ပို့စ်ကောင်းတယ် ခေါ်တာလား….

တစ်ခုမှမဟုတ်ပါဘူး..

ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..

လမ်းထဲမှာ ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ. ခင်ဗျားပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်. ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့် ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)

ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…

Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..

ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊ ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ် ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့ သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး. သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်. ဒါပါပဲ.

အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင် ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ ၀င်ရေးသွားတတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.

ခံစားရသူဖက်ကကြည့်ပါ. သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက် ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့ စာဖတ်တတ်ဖို့လိုမယ်.

လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့ ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက်နဲ့တော်တိုင်း ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး. ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့်မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင် ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက်မဖြစ်သေးဘူး. အဲဒါကို နားလည်သဘောပေါက်မိဖို့ လိုတယ်.

အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး. မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်. မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.

ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..

ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့
အကြောင်းပြချက်တွေ ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်. တိုက်ပွဲတွေပြင်းထန်လာတယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.

တစ်ခါတစ်လေမှာ ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.

ခင်ဗျားမပြောတတ်သေးလို့. တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို ခင်ဗျားနားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.

ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေးနည်းပညာတွေ ဖြစ်လာပြီ. ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး

ဒီတော့ ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့် သဘောတရားတွေကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…

၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.

ဘာတွေလဲ ဆိုတော့

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း

(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)

နံပါတ် (၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော်ကို ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင် ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.

တကယ်တော့ How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင် တတ်ပါတယ်.

နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့ တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုးပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်. ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.

ခွေးပိန်လေးတစ်ကောင်ကို ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင် ရိုက်တဲ့သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.

ဒီလိုပါပဲ. ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့ သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.

ခေါင်းဆောင်ကောင်း၊ မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.

အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.

လူတစ်ယောက်ကို ပြောင်းလဲလာစေချင်ရင်လည်း ဒီသဘောပဲ. ပြောင်းလဲသင့်တဲ့ အချက်တွေကို ပြောပြရမယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင် ရှင်းပြရမယ်. ကိုယ့်အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်. ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကားအလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.

ဒီတိုင်းသွားပြီး

ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့မို့မသိတာ ငါသိပ်အံ့ဩတယ်.

ဒါမျိုးသွားပြောကြည့်. ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ ပြောဆိုပုံမှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.

နိုင်ငံခြားကလာတဲ့ ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ. အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ. ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်. အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ်ရင်တော့ ခင်ဗျား ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့. ကျွန်တော်အပိုမပြောဘူး.

မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောတာ ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်. ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.

အဲလိုမကျင့်သုံးဘဲ ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊ ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာပါလိမ့်မယ်.

ပြဿနာတစ်ခုဖြစ်တဲ့ အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့ ကြည့်တတ်ရပါတယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့ စကားဟောင်းတစ်ခုကိုပဲ ပြန်သုံးလိုက်ပါရစေ..

ဒါကြောင့် အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမက ကော်မန့်လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို ရေးရမယ့် အချိန်အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့ ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.

အဲလိုပြောလို့ လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်. လူတိုင်းရဲ့ စိတ်ဆန္ဒကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး. ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုးစီးပွားကိုမျှ မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့. လူကြည်ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး မနေပါနဲ့. လုပ်သင့်တာ ရေးသင့်တာ ပြောသင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူတစ်ယောက်ပါ ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ. ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.

ဒီလိုပါပဲ. ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး. ဘလော့ဂ်လောကမှာလည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့ ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူလာလေ ဖြစ်နေတယ်ဆိုတာ ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.

တစ်ချိုးတစ်ကွေ့မှာ ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ်ပီသစွာ ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက ခင်ဗျားကို အမြင်မတူတာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ. အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ. ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိလာပါလိမ့်မယ်.

ဒါကြောင့် မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး စကားတင်းဆိုလာခဲ့ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊ ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျားကို ရန်သူကတောင် လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို အသုံးချနိုင်ပါတယ်.

ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာလျှင် အယ်ဒီတာပါ. ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ. ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့ ပုံစံမပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း မလုပ်သင့်ပါဘူး.

ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့ လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး. (လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး. ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ မြင်နိုင်ပါတယ်ခင်ဗျာ)

ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင် နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံးသိအောင် လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင် တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့် လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုးမလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက် ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ်ဆိုရင် ဒါကို နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့ မချေပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့ Gentleman ပီသဖို့လိုပါတယ်. မကျေနပ်ရင် အပြင်မှာ ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊ ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်. ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွားမှာ သေချာပါတယ်. ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ. ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး. လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.

တစ်ချိန်တည်းမှာပဲ ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း ပို့စ်မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ်ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ. မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ. တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခုလုံးကြီး ပြောင်းရတာက တကယ်ကို လိုအပ်မှပဲ
လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက် အချိန်အတော်ကြာမှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်. ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်.

ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါ
လေ့လာဆည်းပူးခဲ့တာတွေကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ.
မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင် လုပ်ပါ
ကိုယ်ရေးကိုယ်တာခံစားချက်ကို ထိန်းသိမ်းပါ
စာဖတ်သူကို လေးစားပါ

ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူး
ခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..

ခင်မင်လေးစားလျက်

ရန်အောင်(www.yanaung.net)

Friday, January 21, 2011

တေလေမှတ်တိုင်

0 comments
ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။


တာရာမင်းဝေ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ....)

ဗျတ်စောင်း ဘာသာဗေဒ

0 comments
လခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။
 

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

တာရာမင်းဝေ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ...)

Wednesday, January 19, 2011

သောကခြေရာ(၄)

0 comments
ပျံ့လွင့်ယိုဖိတ်၊
စိတ်အာရုံရုပ်၊
ချုပ်ရာငြိမ်းရာ၊
နိဗ္ဗာန်သာဆို ….
ညံ့နုအိပွေ့၊
အတွေ့အထိ၊
တွယ်ငြိမနေ၊
ဝေဒနာစု၊
သူ့မပြောမိ၊
ဘာသိဘာသာ၊
မျက်နှာချင်းဆုံ၊
နေရရုံမျှ၊
တစ်ဘဝရဲ့၊
ခဏနိဗ္ဗာန် … ။

မောင်စိန်ဝင်း (ပုတီးကုန်း)

အိပ်မက်သခင်

0 comments
သူသိမှာစိုး၊ တိတ်တခိုးလေ၊‎
စိတ်ဆိုးမှာလား၊ အသည်းကြားက၊‎
စကားသံဆိတ်၊ မျက်ဝန်းရိပ်မှာ၊‎
မျိုသိပ်ကာပဲ ကြည့်နေမယ်။‎
သူသိမှာလား၊ နှလုံးသားက၊‎
စောင့်စားထိတ်ဖို၊ လိပ်ပြာညိုတို့၊‎
အို … ပျံကာဝဲ၊ ရင်ထိတ်သည်းဖို၊‎
အမြဲလိုပဲ မျှော်မိတယ်။‎
သူသိမှာပါ၊ အကြင်နာတွေ၊‎
မြင်သာထင်ရှား၊ သူ့အနားမှာ၊‎
ခစားလေတိုင်း၊ ရင်လှိုင်းခတ်သံ၊ ‎
ဆူညံမူပျက်၊ ဟန်ဆောင်ခက်တယ်၊‎
နေ့ရက်လနှစ် ကြာပြီကွယ်။‎
သူသိစေချင်၊ သိတယ်ထင်မိ၊‎
သိရင်စိတ်ဆိုး၊ သိမှာစိုးပြန်၊‎
သိနိုးသိငြား၊ သိမလားပေါ့၊‎
သိသွားမယ်ဆို၊ ကြင်နာပိုနိုး၊‎
အမျိုးမျိုးပင်၊ စိတ်မှာထင်ဆဲ၊‎
ရင်ထဲတိတ်တိတ်၊ စိုးထိတ်ထိတ်ဖြင့်၊‎
အိပ်မက်များကိုဖန်ဆင်းသူ။‎

ဟယ်ရီ

Tuesday, January 18, 2011

ကြွေပွင့်ကိုသာ ကောက်ပါမောင်

0 comments
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေ၀ယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်...

ကြည်အေး

Monday, January 17, 2011

ခရမ်းပြာဝိုင်(၃)

0 comments
ချစ်သူ့စိတ်မှာ၊
လိပ်ပြာလိုအမြဲ၊
အရိပ်ပမာခိုတွဲလို့၊
နှစ်ကိုယ်မခွဲ နေလိုချင်လဲ၊
မေငြိုငြင်မှာစိုးတာမို့၊
ပန်းကိုချိုးလို့ အပန်ခက်၊
အပင်ထက်မှာသာ ယဉ်။
သူ့ ဘဝအမောတွေ ပြေပါစေတော့ရယ်လို့၊
အနုအရွအပြောတွေ ချွေကာဖြေလျော့မိမှ၊
သမုဒယသဘောတွေ ဝေလာလေတော့၊
ထွေဗျာပွေပေါ့ ကိုယ့်စိတ်အလျဉ်၊
အရိပ်ထင်ကာ သူရှိမြဲ။ ‎
ခက်ချေပြီလေ .. ‎
ရတက်ပွေသီ အိပ်မရဘဲ၊
စိတ်ကအမြဲ သူ့ထံမှာ၊
အခုပြန်ကာ ပြေးတွေ့ချင်လဲ၊
ဝေးတမြေ့ခင် သူ့ဘဝနံဘေးမှာ၊
အယုအယတေး သီခွင့်မရှိသူမို့၊
မချိရင်ပူလို့ တမ်းတကာ၊
နွမ်းလျစွာ ဒီဘဝအဆွေးတွေနဲ့
အလှမ်းကကွာ မညီမျှဝေးလေပေါ့၊
သီသမျှတေး အလွမ်းကဗျာရှည်ပြီ၊
ညီမလေး ခရမ်းပြာရေ ….‎
နွမ်းကာကြေကွဲ။ ။

ဟယ်ရီ

ခရမ်းပြာဝိုင်(၇)

0 comments
ရွက်ကြွေညမှာ
မျက်ရည်စနဲ့သာနေမယ်ခင်။
လရောင်လိမ်းကျံ၊
တိမ်လွှာကို ပန်ဆင်ရင်း၊
ပါးပြင်ယံ မွှေးမြဖြူလို့၊
ဘဝမြူ ကင်းစင်ပကာ၊
နှင်းလွင်ညကဗျာသွင်နှယ်၊
ဆင်းသွင်မြပဝါဆင်စေ၊
ကလျာခင်ချစ်သွေး။
မနမ်းသာ ဝေစွင့်လန်းတဲ့၊
ခရမ်းပြာ မေပွင့်ပန်းကို၊
မမြန်းသာ ခြွေလင့်မလှမ်းနိုင်ဘု၊
နေသင့်ပန်းလို နွမ်းပျက်ကြွေကာ၊
တမ်းရက်ရှည် လေနီမွှေ့တော့၊
လွမ်းမျက်ရည် ဝေသီဝေ့ပြီကွယ့်၊
ကြွေပြီလေ့ ရည်မြသွေးနဲ့၊
နေခြည်မေ့ဆီကဝေးပေါ့၊
သီလျဆွေး အလွမ်းဖြာလို့၊
ညီမလေး ခရမ်းပြာရယ် …‎
လွမ်းကဗျာရေး။ ။

ဟယ်ရီ

ခရမ်းပြာဝိုင်(၁၂)

0 comments
အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ …
မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ …
လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ …
ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ….
သြော် … ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ …
ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။
ဟယ်ရီ

သူစိမ်း

0 comments
တွယ်တာလှပေမဲ့ 
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။      ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။    ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။    ။

မောင်စိန်ဝင်း(ပုတီးကုန်း)