Friday, January 21, 2011

တေလေမှတ်တိုင်

0 comments
ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။


တာရာမင်းေ၀ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ....)

ဗျတ်စောင်း ဘာသာဗေဒ

0 comments
လခြမ်းအဝါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။
 
ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

တာရာမင်းေ၀ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ...)


Wednesday, January 19, 2011

သောကခြေရာ(၄)

0 comments
ပျံ့လွင့်ယိုဖိတ်၊
စိတ်အာရုံရုပ်၊
ချုပ်ရာငြိမ်းရာ၊
နိဗ္ဗာန်သာဆို ….
ညံ့နုအိပွေ့၊
အတွေ့အထိ၊
တွယ်ငြိမနေ၊
ဝေဒနာစု၊
သူ့မပြောမိ၊
ဘာသိဘာသာ၊
မျက်နှာချင်းဆုံ၊
နေရရုံမျှ၊
တစ်ဘဝရဲ့၊
ခဏနိဗ္ဗာန် … ။

မောင်စိန်ဝင်း (ပုတီးကုန်း)

အိပ်မက်သခင်

0 comments
သူသိမှာစိုး၊ တိတ်တခိုးလေ၊‎
စိတ်ဆိုးမှာလား၊ အသည်းကြားက၊‎
စကားသံဆိတ်၊ မျက်ဝန်းရိပ်မှာ၊‎
မျိုသိပ်ကာပဲ ကြည့်နေမယ်။‎
သူသိမှာလား၊ နှလုံးသားက၊‎
စောင့်စားထိတ်ဖို၊ လိပ်ပြာညိုတို့၊‎
အို … ပျံကာဝဲ၊ ရင်ထိတ်သည်းဖို၊‎
အမြဲလိုပဲ မျှော်မိတယ်။‎
သူသိမှာပါ၊ အကြင်နာတွေ၊‎
မြင်သာထင်ရှား၊ သူ့အနားမှာ၊‎
ခစားလေတိုင်း၊ ရင်လှိုင်းခတ်သံ၊ ‎
ဆူညံမူပျက်၊ ဟန်ဆောင်ခက်တယ်၊‎
နေ့ရက်လနှစ် ကြာပြီကွယ်။‎
သူသိစေချင်၊ သိတယ်ထင်မိ၊‎
သိရင်စိတ်ဆိုး၊ သိမှာစိုးပြန်၊‎
သိနိုးသိငြား၊ သိမလားပေါ့၊‎
သိသွားမယ်ဆို၊ ကြင်နာပိုနိုး၊‎
အမျိုးမျိုးပင်၊ စိတ်မှာထင်ဆဲ၊‎
ရင်ထဲတိတ်တိတ်၊ စိုးထိတ်ထိတ်ဖြင့်၊‎
အိပ်မက်များကိုဖန်ဆင်းသူ။‎

ဟယ်ရီ

Tuesday, January 18, 2011

ကြွေပွင့်ကိုသာ ကောက်ပါမောင်

0 comments

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေဝယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်...

ကြည်အေး

Monday, January 17, 2011

ခရမ်းပြာဝိုင်(၃)

0 comments
ချစ်သူ့စိတ်မှာ၊
လိပ်ပြာလိုအမြဲ၊
အရိပ်ပမာခိုတွဲလို့၊
နှစ်ကိုယ်မခွဲ နေလိုချင်လဲ၊
မေငြိုငြင်မှာစိုးတာမို့၊
ပန်းကိုချိုးလို့ အပန်ခက်၊
အပင်ထက်မှာသာ ယဉ်။
သူ့ဘဝအမောတွေ ပြေပါစေတော့ရယ်လို့၊
အနုအရွအပြောတွေ ချွေကာဖြေလျော့မိမှ၊
သမုဒယသဘောတွေ ဝေလာလေတော့၊
ထွေဗျာပွေပေါ့ ကိုယ့်စိတ်အလျဉ်၊
အရိပ်ထင်ကာ သူရှိမြဲ။ ‎
ခက်ချေပြီလေ .. ‎
ရတက်ပွေသီ အိပ်မရဘဲ၊
စိတ်ကအမြဲ သူ့ထံမှာ၊
အခုပြန်ကာ ပြေးတွေ့ချင်လဲ၊
ဝေးတမြေ့ခင် သူ့ဘဝနံဘေးမှာ၊
အယုအယတေး သီခွင့်မရှိသူမို့၊
မချိရင်ပူလို့ တမ်းတကာ၊
နွမ်းလျစွာ ဒီဘဝအဆွေးတွေနဲ့
အလှမ်းကကွာ မညီမျှဝေးလေပေါ့၊
သီသမျှတေး အလွမ်းကဗျာရှည်ပြီ၊
ညီမလေး ခရမ်းပြာရေ ….‎
နွမ်းကာကြေကွဲ။ ။

ဟယ်ရီ

ခရမ်းပြာဝိုင်(၇)

0 comments
ရွက်ကြွေညမှာ
မျက်ရည်စနဲ့သာနေမယ်ခင်။
လရောင်လိမ်းကံျ၊
တိမ်လွှာကို ပန်ဆင်ရင်း၊
ပါးပြင်ယံ မွှေးမြဖြူလို့၊
ဘဝမြူ ကင်းစင်ပကာ၊
နှင်းလွင်ညကဗျာသွင်နှယ်၊
ဆင်းသွင်မြပဝါဆင်စေ၊
ကလျာခင်ချစ်သွေး။
မနမ်းသာ ဝေစွင့်လန်းတဲ့၊
ခရမ်းပြာ မေပွင့်ပန်းကို၊
မမြန်းသာ ခြွေလင့်မလှမ်းနိုင်ဘု၊
နေသင့်ပန်းလို နွမ်းပျက်ကြွေကာ၊
တမ်းရက်ရှည် လေနီမွှေ့တော့၊
လွမ်းမျက်ရည် ဝေသီဝေ့ပြီကွယ့်၊
ကြွေပြီလေ့ ရည်မြသွေးနဲ့၊
နေခြည်မေ့ဆီကဝေးပေါ့၊
သီလျဆွေး အလွမ်းဖြာလို့၊
ညီမလေး ခရမ်းပြာရယ် …‎
လွမ်းကဗျာရေး။ ။

ဟယ်ရီ

ခရမ်းပြာဝိုင်(၁၂)

0 comments
အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ …
မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ …
လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ …
ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ….
သြော် … ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ …
ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။
ဟယ်ရီ

သူစိမ်း

0 comments
တွယ်တာလှပေမဲ့ 
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။      ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။    ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။    ။
