Thursday, August 4, 2011

ရူးသွပ်ခြင်း အပိုင်းအစများ

လမ်းဆုံးဆိုတာမရှိခဲ့ပါဘူး….
လျှောက်ရတာကြာလွန်းလို့
ငါရွေးခဲ့တာဘာလမ်းမှန်းတောင်
မသိတော့ဘူး…

ကြယ်တွေလည်း တဖြုတ်ဖြုတ်ကြွေဆဲ…
လမ်းပေါ်မှာ ကြိုးမဲ့ဂစ်တာလေးကတော့
ငါ့ကို အဖော်ပြုပါရစေတဲ့…

လှောင်ရယ်သံတစ်ချို့ ပေါ်ထွက်လာကြ…
ကြိုးမရှိရုံနဲ့ မတီးရတော့ဘူးလားလို့
သူကမေးတယ်…

နောက်ဆုံးတော့လည်း……
တိတ်ဆိတ်တဲ့ သံစဉ်တစ်ချို့
ငါတို့ရင်ထဲကို ဖြတ်….
အဆုံးမဲ့စီးဆင်းသွားကြ…..
လွမ်းတယ်ဆိုတာလည်း
ပြောရတော့အခက်သား…
နင်မရှိတဲ့ဘ၀မှာပဲ
ခေါက်ရိုးကျိုးနေတော့
လွမ်းနေရတာလေးကိုပဲ
လွမ်းမိသလိုလို….

ကြေကွဲဖို့ ငိုကြွေးနေတာနဲ့
ဆာလောင်လို့ ငိုကြွေးတာ…
ဘယ်ဟာပိုကောင်းသလဲ…
တစ်ခါတစ်လေတော့လည်း
ရူးနှမ်းစွာ စဉ်းစားမိပြန်ရဲ့…

ဆောင်းမီးဖိုအောက်မှာ
ကော်ဖီတစ်ခွက်နဲ့
ကြင်နာသူကို ထွေးပွေ့ထားချင်တယ်လို့
စိတ်ကူးလည်း ယဉ်ခဲ့ဖူးတယ်…

ဆည်းဆာချိန်ကတော့ လှပဆဲပဲ…
ညဥ့်ငှက်တွေကို နှုတ်ဆက်ရင်း
ရောင်နီတွေကိုဖွင့်ပြနေလေရဲ့…
ဒီလိုအချိန်မျိုးပဲပေါ့လေ…
တိမ်တောက်တဲ့အချိန် လန့်ပြီးငိုတတ်တဲ့
ကောင်မလေးတစ်ယောက်ဆီ
ငါ့အတွေးတွေမျောပါလို့သွားကြ…

ဆုံတွေ့ခြင်းဆိုတာ ခွဲခွာဖို့အတွက်ပါပဲ…
ဘယ်တော့မှ မခွဲခွာသလို
ဘယ်တော့မှ မတွေ့ဆုံနိုင်တဲ့
အကြွေစေ့ခါင်းနဲ့ ပန်းလိုမျိုးတော့
ငါမဖြစ်ချင်ဘူး…..

ကံကြမ္မာမျက်လှည့်ဆရာကတော့
အကောင်းဆုံးလှည့်စားမှုတွေဖန်တီးဆဲပဲ…
သူဖန်တီးစေညွှန်တဲ့လမ်းပေါ်မှာ
ငါကလည်းလျှောက်လို့ကောင်းဆဲ…
ဘယ်တော့မှမရှိတဲ့ အဆုံးသတ်ဆိုတာလေးကို
မျှော်လင့်ရင်းနဲ့ပေါ့…..

လေလွင့်ငှက်

1 comments:

mstint said...

လေလွင့်ငှက်ရဲ့ ကဗျာလေးထဲက
'ဆုံတွေ့ခြင်းဆိုတာ ခွဲခွာဖို့အတွက်ပါပဲ' ဆိုတာ
ဓမ္မတာပဲပေါ့ကွယ်။
ဘယ်လိုဖြစ်ဖြစ် တစ်နေ့တော့ ခွဲခွာကြရမယ်ဆိုတာ သတ်မှတ်ထားပြီးမဟုတ်လား။
'ခံစားမိသော ကာရံအပိုင်းအစများ' ကိုအားပေးလျက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment