Friday, September 17, 2010

မီးခတ်မှော် စာတမ်း

                      သောမတ် အယ်ဒီဆင်ဟာ သီတင်းကျွတ်တိုင်း ဆရာမတွေကို လိုက်ကန်တော့လေ့ ရှိပါသလား။ အိုင်းစတိုင်းဟာသူ့ရဲ့အလုပ်စားပွဲမှာ ‘ မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်’ ဆိုတဲ့ စာတမ်းကို ကပ်ထားသလား။

                      မိဘကိုရိုသေတာ ဆရာကိုရိုသေတာဟာ ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုဖြစ်တယ်။ ဒါဟာ လူငယ်တွေရဲ့စိတ်ဓာတ်ကို ယုတ်မာမှု ကျေးဇူးကန်းမှု စတဲ့ မကောင်းခြင်းတရားတွေ ဝင်မလာအောင် ကာကွယ်တားဆီးပေးတဲ့ ခံတပ်ပဲ။ အဲဒီတော့ အတိချုပ်ပြောရရင် ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုဆိုတာ စိတ်ဓာတ်ကို လေ့ကျင့်ပေးတဲ့ ကိစ္စပါ။

ဒါပေမယ့် ထူးချွန်အောင် တော်အောင် ဖန်ဆင်းပေးတဲ့ တန်ခိုးရှင်တော့ မဟုတ်ပါဘူး။

                         ဟိုတစ်လော ဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရတယ်။ အနည်းငယ် လူသိများစ ပြုနေပြီဖြစ်တဲ့ မော်ဒယ်ကောင်မလေးတစ်ယောက်ကို အင်တာဗျူးလုပ်ထားတာပါ။
မေးမြန်းသူက
“ အောင်မြင်မှုရဖို့အတွက်ဘာလိုအပ်ပါသလဲ” လို့မေးတဲ့အခါ အဲဒီကောင်မလေး ဘာပြန်ဖြေသလဲဆိုတော့ …
“ အောင်မြင်ဖို့ ဘာသာတရားလိုအပ်ပါတယ်။ သမီးကတော့ နေ့တိုင်း ဘုရားရှိခိုးပါတယ်။ အဓိဌာန်ပုတီးစိပ်တယ်။ တရားထိုင်တယ်တဲ့။
(အဲဒီ အဖြေကို ဖတ်ပြီးတဲ့ နောက်မှာ) အဲဒီ မော်ဒယ်ကောင်မလေးကို ကျွန်တော်အရမ်း သနားသွားတယ်။ ဆယ်နှစ်သားကလေးကိုသင်ပေးရင်တောင် ရနိုင်တဲ့ ယုတ္တိဗေဒ ကို သူမ မစဉ်းစားတတ်ရှာလို့ပါ။
စောစောကပြောခဲ့သလိုပဲ ဘာသာရေးတို့ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုတို့ ဆိုတာတွေက “စိတ်ဓာတ်” အတွက်ပဲဖြစ်တယ်။
အောင်မြင်ဖို့အတွက်ကတော့တော်ဖို့လိုပါတယ်။
ဒီနှစ်ချက်ကိုတော့ ရောထွေးပစ်လို့ မရဘူး။

                       ယဉ်ကျေးမှု မြင့်မားလာရင် “ လူကောင်း” ဖြစ်မယ်။ ဒါပေမယ့် လူတော် ဖြစ်ချင်ရင်တော့ အရည်အချင်းရှိအောင် ကြိုးစားရမယ်။ တကယ်ကြိုးစားရမယ်။ အသေအလဲကြိုးစားရမယ်။
စကားပြောရင်လက်ကလေးပိုက်ပြီး ‘ ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျ’ လို့ပြောတတ်ရုံ လူရှေ့သူရှေ့မှာ ခေါင်းငုံ့ခါးညွတ်ပြီးသွားတတ်ရုံလောက်နဲ့တော့ လူတော် ဖြစ်မလာဘူး။

ဥပမာတစ်ခုပြောပြချင်ပါတယ်။
                         ကွန်ပြူတာ စာစီစာရိုက်နဲ့ မိတ္တူကူးစက်ထောင်ထားတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ သူဟာမိဘကိုလုပ်ကျွေးနေသူဖြစ်ပါတယ်။ ဆရာသမားတွေကို ရိုသေလိုက်တာလည်း မပြောပါနဲ့တော့။
သူရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့အင်မတန်နှစ်သက်ပါတယ်။ ဒါပေမယ့် သူ့မှာ ချွတ်ယွင်းချက်တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကွန်ပြူတာစာစီစာရိုက်မှာ အင်မတန် ညံ့ဖျင်းတာပါပဲ။ စာလုံးအကျအပေါက် အလွန်များတယ်။ ရက်ချိန်မမှန်ဘူး။ ရလာပြန်တော့လည်း စိတ်တိုင်းမကျဘူး။ မိတ္တူကူးရင်လည်း မည်းတူးပြီး ထွက်တဲ့အခါ ထွက်လာတယ်။ မထင်မရှား မှုန်တိမှုန်ဝါးထွက်လာတဲ့အခါ ထွက်လာတယ်။
ကဲ…စဉ်းစားကြည့်ပါ။
ခင်ဗျာသာဆို သူ့ဆီမှာ အလုပ်အပ်မလား။
ကျွန်တော်ကတော့ (မိဘ လုပ်ကျွေးနေတဲ့)သူ့ကို လေးစားတယ်။ ဒါပေမယ့် အလုပ်အပ်ရင်တော့ သူ့ဆီမှာမအပ်ဘူး။

မိဘကိုရိုသေပါ…. ကောင်းပါတယ်။
ဆရာ့ကျေးဇူးကိုသိတတ်ပါ… ကောင်းပါတယ်။
ဒါပေမယ့် ကိုယ်ညံ့ရင်တော့ ကိုယ်ခံရမှာပဲ ဆိုတာ ဦးနှောက်ထဲ စွဲစွဲမြဲမြဲထည့်ထားပါ။


                     ကျွန်တော်တို့ မြန်မာလူ့အဖွဲကအစည်းမှာ မိဘကိုရိုသေတဲ့လူ၊ ဆရာကိုရိုသေတဲ့လူဆိုရင် Handicap ပေးကြတယ်။ Handicap ဆိုတာ နေရာပေးတာ ဦးစားပေးတာတော့မှန်တယ်။ ဒါပေမယ့် သနားငဲ့ညှာတဲ့ သဘောနဲ့ ပေးတဲ့ “ နေရာ” ဖြစ်တယ်။

တော်လို့ပေးတဲ့ နေရာ ကိုယူမလား။
သနားလို့ပေးတဲ့ နေရာ ကိုယူမလား။

                         ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ စာတော်တဲ့ ကလေးတော်တော်များများစာ ဆရာကို ရိုသေတဲ့ ကလေးတွေ ဖြစ်တာ များတယ်။
ဒီနေရာမှာ ကြောင်းကျိုးဆက်ဆပ်မှု ဖြစ်စဉ်ကို ကျွန်တော် နည်းနည်းသုံးသပ်ပြပါရစေ။
(က) ဆရာကို ရိုသေတယ်။
(ခ) ဆရာရဲ့အာရုံစူးစိုက်မှု့နဲ့အတူ စာကိုပါအာရုံစိုက်လာစေတဲ့ တွန်းအားဖြစ်လာတယ်။
(ဂ) စာကို ပိုကြိုးစားဖြစ်တယ်။
(ဃ) ဒါကြောင့် စာတော်လာတယ်
ဟောဒီကြောင်းကျိုးဖြစ်စဉ်တစ်ခုလုံးဟာ (က)မှ (ခ)၊ (ခ)မှ (ဂ)၊ (ဂ)မှ (ဃ) ဆိုပြီး တစ်ဆက်တည်းလိုလို အောက်မေ့ချင်စရာပါ။
(ဃ) စာတော်လာတယ်ဆိုတဲ့ အကျိုးဆက်အတွက်အကြောင်းရင်းခံဟာ (ဂ) စာကိုပိုကြိုးစားဖြစ်တယ် ဆိုတဲ့ အချက်သာလျှင်ဖြစ်တယ်။
(က) အချက်ဟာ အကြောင်းရင်းခံ (ခ) အချက်ဟာ အကျိုး
(ဂ) အချက်ဟာ အကြောင်းရင်းခံ (ဃ)အချက်ဟာ အကျိုး
ဆိုပြီး နှစ်ပိုင်းခွဲခြားမြင်ရမှာပါ။

ဒါပေမယ့် ဆုံးမတဲ့သူတွေက အဲဒီအချက်(၂) ချက်ကို တစ်ကြောင်းတည်းအဖြစ် ပေါင်းစည်းရောထွေးပစ်လိုက်ပါတယ်။
အဲဒီလို ရောထွေးအမြင် တွေဟာ ယုတ္တိဗေဒအရ ကြည့်ရင် အန္တရယ်ကြီးပါတယ်။ စောစောက ဥပမာကိုပဲ ပြန်ကြည့်ပါ။ အစ (အကြောင်းရင်းခံ) ဟာ ဆရာကို ရိုသေခြင်း ဖြစ်ပြီးအဆုံးသတ် (အကျိုး) ဟာ စာတော်ခြင်း ဖြစ်တယ်လို့ အထင်မှားသွားနိုင်ပါတယ်။
ဒါကိုယုတ္တဗေဒနဲ့ ပြောင်းပြန်လှန်ကြည့်ရင်….
(က) လိမ္မာတဲ့ကလေးကို (ချစ်လို့) ဆရာက စာပိုသင်ပေးတယ်။
(ခ) ဒါကြောင့်စာပိုတော်လာတယ်။
ဆိုတဲ့ ကြောင်းကျိုးဆက်မျိုး ရလာရင် လူငယ်တွေရဲ့ အတွေးခေါ်ဟာ ငါးပါးမှောက်ရချေရဲ့။

                  ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်း အဆောက်အအုံ၊ အစဉ်အလာ ယဉ်ကျေးမှု၊ နှုန်းစံတွေနဲ့ လူတစ်ယောက်ခြင်းစီရဲ့ ထူးချွန်မှု မထူးချွန်မှုတို့ကို ရောထွေးအမြင် နဲ့ အကဲမဖြတ်သင့်ပါဘူး။
ဒါဟာ သီးခြားကိစ္စတွေပဲ ဖြစ်တယ်။

ဆုံမတဲ့ သူတွေကလည်း ကလေး(လူငယ်) တွေကို စည်းဘောင်တစ်ခုတည်းမှာပဲ ကန့်သတ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တော် ဖို့ ဘောင်မခတ်သင့်ပါဘူး၊ ပုံစံမသွင်းသင့်ပါဘူး။

ကလေးတွေ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် (သူတို့တော်ချင်တဲ့ ပုံစံအတိုင်း) တော်ပါစေ။

မြန်မာ့ယဉ်ကျေးမှုတွက် ကလေးတွေကို မိဘဆရာ အပေါ်ရိုသေပါစေ။
ဒါ…ကောင်းပါတယ်
ကမ္ဘာကြီးထဲကို တိုးဝင်ဖို့ကြတော့ ကလေးတွေကိုယ်တိုင် တော် မှဖြစ်မယ်။
တော် အောင်လည်းလုပ်ကြပါဦး။
ဒါ ပိုအရေးကြီးတယ်လို့ ကျွန်တော်ကတော့ထင်တာပါပဲ။ သဘောတူပါသလား။


မင်းခိုက်စိုးစန်
ဇွန်၊ ၂၀၀၄

မှတ်ချက်။ လူငယ်များသို့…(၂) မှ ကောက်နုတ်ချက်

Image and video hosting by TinyPic

0 comments:

Post a Comment