Monday, August 8, 2011

 I Have A Dream ကျွန်တော့်အိပ်မက်မက်ထားတယ်

''ကျွန်တော့်အိပ်မက်မက်ထားတယ်။'' ''ဘာအိပ်မက်လဲ။'' ''တစ်ချိန်မှာ တို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာကာ အာရှမှာ ထိပ်တန်းကိုရောက်ပြီး၊ ပြည်သူတွေအားလုံး ချမ်းချမ်းသာသာနဲ့ တန်းတူရည်တူ တူညီတဲ့ အခွင့်အရေး ရစေဖို့ပေါ့။'' လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဖြစ်သည်။ တိတိကျကျ ပြောရလျှင်တော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာပါ။ လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာက ၀ါရှင်တန်ဒီစီရှိ လင်ကွန်း အောက်မေ့ဖွယ် အဆောက်အအုံရဲ့ လှေကားမှာ ရပ်ပြီး လူမည်း ပရိသတ်ကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားလေးကို သတိရမိပါရဲ့။ I Have A Dream 'ကျွန်တော် အိပ်မက်မက်ထားတယ်'တဲ့။ ပရိသတ် နှစ်သိန်းကျော် တက်ရောက်နားထောင်တဲ့ တကယ့်မိန့်ခွန်းကို သူပြောသွားတာပါ (တကယ့်မိန့်ခွန်းလို့ သုံးရတာကတော့ ကြီးကျယ် မြင့်မြတ်တဲ့ မိန့်ခွန်းလို့ ပြောချင်တာပါ)ယနေ့အထိတော့ သူ့မိန့်ခွန်းဟာ အကောင်းဆုံးတွေထဲက တစ်ခုလို့ လူတွေ လက်ခံထားဆဲပါပဲ။ သူဘာတွေပြောလဲ။ ''လူမည်း အခွင့်အရေး၊ လူမည်းတွေ အလုပ်ရရှိရေး၊ ခွဲခြားဆက်ဆံမှု မရှိရေး အတွက် သူပြောတာပါ။ လူမည်းတွေ လွတ်မြောက်ဖို့ ငါးနှစ်တိုင်တိုင် တိုက်ခဲ့ကြတယ်။ လူတွေ အများကြီး သေကြတယ်။ ဒီလိုတိုက်ပွဲဝင်ပြီး လွတ်မြောက်လာတယ်လို့ ပြောတဲ့ လူမည်းတွေဟာ ယနေ့နှစ်တစ်ရာရှိပြီ ဘယ်မှာ လွတ်မြောက် ကြသေးလို့လဲ'' သူတို့ကို လူဖြူတွေက ခွဲခြား ဆက်ဆံတယ်။ ကျောင်းအတူ မနေရဘူး။ ဘတ်စကား အတူ မစီးရဘူး။ လူမည်းတွေက နေရာရထားလို့ လူဖြူ တက်လာရင် လူမည်းတွေက ဖယ်ပေးရတယ်။ အဲဒါက ဥပဒေ ဖြစ်တယ်။ မာတင်လူသားကင်းဂျူနီယာ က ဒီကိစ္စတွေကို စိတ်ဝင်တစား ထောက်ခံခဲ့တယ်။ အမေရိကန် တစ်နိုင်ငံအနှံ့ ချီတက်ဆန္ဒပြတယ်။ သူ့ အိပ်မက်မိန့်ခွန်းထဲမှာ ပါတယ်။ ''တစ်နေ့မှာ လူမည်းကလေးတွေဟာ လူဖြူကလေးတွေနဲ့ လက်တွဲပြီး ပျော်ရွှင်စွာ ကစားကြ၊ အတူ စားသောက်ကြမှာပါ။ ကျွန်တော် အိပ်မက်မက်ထားပါတယ်''တဲ့။ သူရဲ့ ဆန္ဒပြမှုတွေ နောက်ပိုင်းမှာ ဥပဒေနှစ်ခု ပြဋ္ဌာန်းခဲ့တယ်။ အဲဒါကတော့ နိုင်ငံသား အခွင့်အရေး ဥပဒေ(Civil Rights Act -1964)နဲ့ မဲပေးခွင့် အခွင့်အရေး(The Voting Rights Act-1965)တို့ပါပဲ။ သူက အိပ်မက်ဟာ မှန်တယ်လို့ ပြောရပါမယ်။ ဘယ်လောက်မှန်လဲ။ ယနေ့ လူမည်းနဲ့ လူဖြူ လက်တွဲနေပါပြီ။ ကွန်ဒိုရီဇာရိုက်ဇ်ဟာ အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သလို ကောလင်းပါဝယ်ဟာလည်း လူမည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့တယ်။ နောက် ဘားရက်အိုဘားမားဟာ လူမည်း သမ္မတ ဖြစ်နေပါပြီ။ တကယ်တော့ မာတင်လူသားကင်းဂျူနီယာဟာ သူရဲ့ ကြိုးပမ်းမှုကြောင့် နိုဘဲလ်ဆုကို ရခဲ့ပါသေးတယ်။ သူဟာ အငယ်ဆုံးသော နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိသူ ဖြစ်တယ်။ ဒီဆုတွေရသလို သူရဲ့ ကြိုးပမ်းမှုကရတဲ့ ရလဒ်တွေဟာ အများကြီးပါပဲ။ ဒါကို သူမမြင်လိုက်ရပါဘူး။ သူဟာ ၁၉၆၈ ခုနှစ် ဧပြီလ လေးရက်မှာ လုပ်ကြံခြင်း ခံလိုက်ရပါတယ်။သူရဲ့အုတ်ဂူမှာ ရေးထားတယ်။ Free At Last. Free At Last. Thanks God Almighty I Am Free At Last. ၂၀၁၀ တုန်းက ကျွန်တော် အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အက်တလန်တာကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ မာတင်လူသာကင်းဂျူနီယာရဲ့ နေအိမ်နဲ့ ပြတိုက်ကိုလည်း ရောက်သွားခဲ့တယ်။ ခမ်းနားကြီးကျယ်တဲ့ ပြတိုက်ပါ။ နွေရာသီဖြစ်လို့ ပြတိုက်ရှေ့မှာ ဒေသ အတော်များများက ကျောင်းသားတွေရဲ့ ပန်းအလှပြပွဲကို ကျင်းပနေတဲ့ အချိန်လည်း ဖြစ်တယ်။ ကျွန်တော်က ပြတိုက်မှာ တစ်နေကုန်ထိုင်ပြီး သူ့အကြောင်းတွေကို ပြောပြတဲ့ ကွန်ပျူတာတွေဆီက အသံတွေကို နားထောင်တယ်။ သူရဲ့ မိန့်ခွန်းတွေကို နားထောင်တယ်။ နေ့ခင်းမှာတော့ အပြင်ဘက်မှာထိုင်ပြီး ကျွန်တော်က ပါလာတဲ့ နေလယ်စာကို ဘူးကနေ ဖွင့်စားတယ်။ ကျွန်တော့်အနီးမှာ လူမည်း အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမကလည်း နေ့လယ်စာဘူးကို ဖွင့်စားတယ်။ အဲဒီမိန်းကလေးက တစ်ရှူးမပါခဲ့လို ကျွန်တော့်မှာ အပိုပါလို့ ပေးလိုက်ပါတယ်။ကျေးဇူးတင်ကြောင်း သူမက ပြောရင်းနဲ့ စကား ပြောဖြစ်သွားတယ်။ ''ဘယ်ကလာလဲ''လို့ သူမကိုမေးတော့ မြောက်ပိုင်းကတဲ့။ မြောက်ပိုင်းမှာ လူမည်းတွေ သိပ်မရှိဘူး။ လူမည်းတွေကို ကျွန်အဖြစ် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာပဲ အသုံးပြုတာများတယ်။ အရင်ခေတ်က ၀ါခင်းတွေ အတွက် လူမည်းကျွန်တွေကို သုံးတာပါ။ စိုက်ပျိုးရေးကို တောင်ပိုင်းမှာ အဓိက လုပ်ခဲ့တယ်။ ''ဘာကြောင့် အက်တလန်တာကိုလာလဲ''ဆိုတော့ သူမက ''ဒီနေရာမှာ သူသဘောကျတာသုံးခု ရှိသတဲ့။ နံပါတ်တစ်က မာတင်လူသားကင်း ဂျူနီယာတဲ့။ နံပါတ်နှစ်က စီအင်အင်တဲ့။ စီအင်အင်ဆိုတာ Cable News Network ဖြစ်ပြီး ကမ္ဘာမှာ အကြီးကျယ်ဆုံးလိုလို ဖြစ်နေတဲ့ ရုပ်သံကော်ပိုရေးရှင်း ဖြစ်တယ်။ တတိယကတော့ မာဂရက်မစ်ရှဲလ်တဲ့။ မာဂရက်မစ်ရှဲလ်ဆိုတာက Gone With the Wind ဆိုတဲ့ ၀တ္ထုကို ရေးခဲ့သူပါ။ ရုပ်ရှင်ရော စာအုပ်ရော ဆုရတယ်။ စာအုပ်က ပူလစ်ဇာဆု ရတယ်။ ရုပ်ရှင်ကတော့ အော်စကာ ငါးဆုရတယ်။ Gone With the Wind စာအုပ်ဟာ ယနေ့တိုင် နှစ်စဉ် သိန်းချီ ပြန်ရိုက်ရတဲ့ စာအုပ်ပါ။ ခုစာအုပ်ထွက်တာ ၇၅ နှစ် ရှိသွားပါပြီ။ ခုထိ အုပ် ၃၅ သန်းကျော် ရောင်းပြီးပါပြီ။ မာဂရက်မစ်ရှဲလ်ဟာ ဒီစာအုပ်တစ်အုပ်ကိုသာ ရေးခဲ့ပါတယ်။ သူမ ကွယ်လွန်ပြီးတဲ့အခါ နောက်ဝတ္ထုရှည်တစ်အုပ် လက်ရေးမူကို တွေ့တယ်လို့''ဆိုတယ်။ ကျွန်တော်က သူမကို ''မာတင်လူသားကင်းဂျူနီယာကို ဘယ်လို မြင်လဲ''လို့ မေးတော့ သူမက ''တို့တတွေရဲ့ ဟီးရိုးပါ။ ကျွန်မက ရိုဆာပတ်ကိုလည်း အထင်ကြီးတယ်''လို့ ပြောတယ်။ ပြီးတော့မှ သူမက ''ရိုဆာပတ်ကိုသိလား''လို့ မေးတော့ ကျွန်တော်က ခေါင်းညိတ်ပြပြီး ''ရိုဆာပတ်ဟာ ဘတ်စကားမှာ လူဖြူလူမည်း ခွဲခြားမှု အတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူပဲ မဟုတ်လား''လို့ ပြောတော့ သူမက သဘောကျသွားတယ်။ ဒီကိုလာတဲ့ လူတွေ အားလုံးတော့ ဒီလောက်သိမှာပဲလို့ သူမက ယူဆထားဟန်လည်း တူတယ်။ ''မင်းတို့ သူတို့လိုလူမျိုး ရတာကံကောင်းတယ်''လို့ ပြောတော့ ''ကံကောင်းတာပေါ့။ နှစ်ပေါင်း တစ်ရာကျော်လောက် အတွင်း တစ်ယောက်တစ်လေသာ ပေါ်ခဲ့တာ။ သူတို့သာ မရှိရင် တို့တစ်တွေ လူ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေဦးမှာ''လို့ ပြောတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသလိုမျိုးပေါ့။ ''ခုတော့ အဆင်ပြေသွားတာပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ဘားရက်အိုဗာမား တက်လာတော့ တို့တစ်တွေဟာ မာတင်လူသားကင်း အိပ်မက်အတိုင်း ဖြစ်လာတယ်လို့ ပြောနိုင်တာပေါ့'' ဒီတော့မှ ကျွန်တော်လည်း စဉ်းစားမိတယ်၊ တို့ဆီမှာကော။ ''တို့ဆီမှာလည်း ဒီနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မယ်''လို့ သူမကို ပြောလိုက်မိတယ်။ ''မင်းတို့ဆီမှာက လေးနှစ်တစ်ခါလား ငါးနှစ်တစ်ခါလား'' ''မလုပ်တာ နှစ် ၂၀ ကျော်ပြီ'' ''ဟယ်၊ မလုပ်လို့ကောရလား'' ''တို့တစ်တွေက မင်းတို့နဲ့ မတူဘူး။ ဒါပေမဲ့ တူတာတွေ အများကြီးပေါ့လေ။ တို့နိုင်ငံက Myanmar အရင်က Burma ပေါ့'' ''ပြောပြပါလား'' ''လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်လောက်က တို့တစ်တွေလည်း နွံနစ်လို့ ကျွန်ဖြစ်ခဲ့ရတယ်။ ဗြိတိသျှတွေရဲ့ကျွန်ပေါ့။(British Subject)'' သူမ ခေါင်းညိတ်တယ်။ ကျွန်ဘ၀ကလာတဲ့ အမေရိကန်လူမည်းတွေ ကိုယ်ချင်းစာတတ်ကြမှာပါ။ ''သူတို့က တို့ကို အနိုင်ကျင့်ပြီး ကိုလိုနီ ပြုခဲ့တာပါပဲ။ နောက်တော့ မြန်မာတို့တစ်တွေ ကြိုးပမ်းမှုများနဲ့ လွတ်လပ်ရေး ရခဲ့တယ်'' ''ဘယ်လောက်ကြာပြီလဲ'' ''၆၃ နှစ် ပေါ့'' ''တို့လူမည်းတွေ လွတ်လပ်ရေး ရတာနဲ့တော့ သိပ်မကွာပါဘူး'' ''အမေရိကန် လွတ်လပ်ရေးရတာ နှစ် ၂၀၀ လောက်ရှိပြီ မဟုတ်လား'' ''ဟုတ်တယ်လေ။ ဒါပေမဲ့ မာတင်လူသားကင်းဂျူနီယာတို့ နောက်ပိုင်း ၁၉၆၅ ခုနှစ်မှာ မဲပေးခွင့်ဥပဒေ ထွက်လာတာပဲ'' ''ဟုတ်တယ်လေ'' ''အဲဒီအခါကျရင် ရှင်ဘာလုပ်မလဲ'' ''တစ်ခုခုပေါ့၊ မာတင်လူသားကင်းစကားပဲ အငှား သုံးရမယ်'' ''ဘာစကားလဲ'' ''I have a dream'' ''ဘာအိပ်မက်လဲ'' ''တစ်ချိန်မှာ တို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာကာ အာရှမှာ ထိပ်တန်းကို ရောက်ပြီး၊ ပြည်သူတွေအားလုံး ချမ်းချမ်းသာသာနဲ့ တန်းတူရည်တူ တူညီတဲ့ အခွင့်အရေး ရစေဖို့ပေါ့'' ''မင်းအိပ်မက် အကောင်အထည် ပေါ်ပါစေ'' ''ပေးတဲ့ဆုနဲ့ပြည့်ပါစေ'' Written by ဒေါက်တာခင်မောင်ညို

0 comments:

Post a Comment