သူမေ့ပြီလား …….
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ …….
ဪသာ် …… မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့၊
(သူပြောလျှင်) ……..
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြိုငြင်။
မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်။
ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
0 comments:
Post a Comment